ကံမြင့် ကံပွင့် စေမည့် ယတြာ

ကံမြင့်ကံပွင့်ယတြာ
================
ဒီယတြာကတော့ မိမိရဲ့ ကံအဆိုး၊ ကံအညံ့များ ကွယ်ပျောက်ပြီး ကံကောင်းခြင်းများ ပွင့်လန်းလာစေမည့် ယတြာပဲ ဖြစ်ပါတယ်။ ယုံယုံကြည်ကြည်ဖြင့် ပြုလုပ်မည်ဆိုလျှင် ကံကောင်းခြင်းများစွာကို ရရှိခံစားနိုင်မှာပဲ ဖြစ်ပါတယ်ခင်ဗျ။
ယတြာစီရင်နည်းကတော့ အလွန်ရိုးရှင်း လွယ်ကူပါတယ်။ နည်းလမ်းကတော့ ဘုရားရှင်အား ဖယောင်းတိုင် အသေး(၃)တိုင်ဖြင့် အလင်းဓာတ်ပူဇော်ပြီး ယပ်တော်သွင်း၍ ကိုယ်လိုရာ ဆုတောင်းရမှာ ဖြစ်ပါတယ်။ ဒါဟာ ဓာတ်ပညာသဘောအရ မီးဓာတ်နှင့်လေဓာတ်ပေါင်း၍ ဘုရားရှင်အား ပူဇော်ဆုတောင်းခြင်းက ဆုတောင်း ပြည့်ဝစေတာပဲ ဖြစ်ပါတယ်။
✅ ယတြာ စတင်ပြုလုပ်ရမည့် ရက်
"ပဉ္စပွတ်၊ ဆပွတ်၊ အညွု့န်" အရ မိမိမွေးနေ့ရက်မတိုင်ခင် ပထမနေ့ ၊မိမိမွေးနံရဲ့ အညွန့်ရတဲ့နေ့ကစပြီး ပြုလုပ်ရပါမယ်။ လူတစ်ယောက်ဟာ အညွန့်တလူလူ ဖြစ်နေဖို့ လိုအပ်တဲ့အတွက် စတင်ရက် ရွေးရာမှာ အညွန့်ကို ရွေးချယ်ရတာပါ။ မွေးရက်ရဲ့ အညွှန့်ဖြစ်တဲ့ နေ့ရက်မှာ အဆောင်လုပ်တာ၊ အဓိဋ္ဌာန်ဝင်တာ၊ ယတြာချေတာ၊ အစီအရင်လုပ်တာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။
[ ရက်တွေအလွယ်တကူသိရအောင် ]
၁။ တနင်္ဂနွေသားသမီးတွေဆို (စနေနေ့ )
၂။ တနင်္လာသားသမီးတွေဆို (တနင်္ဂနွေနေ့)
၃။ အင်္ဂါသားသမီးတွေဆို (တနင်္လာနေ့)
၄။ ဗုဒ္ဓဟူးသားသမီးတွေဆို (အင်္ဂါနေ့)
၅။ ကြာသပတေးသားသမီးဆို (ဗုဒ္ဓဟူးနေ့)
၆။ သောကြာသားသမီးတွေဆို (ကြာသပတေးနေ့)
၇။ စနေသားသမီးတွေဆို (သောကြာနေ့)
✅ ယတြာပြုလုပ်ရမည့်ရက်ပေါင်း
ယခု အဓိဋ္ဌာန်ကို အညွန့်၊ ပင်စည်၊ အမြစ်နံ ပေါင်းတဲ့ရက်တွေထိ လုပ်ရမှာ ဖြစ်ပါတယ်ခင်ဗျ။ နေ့ရက်အလိုက် သတ်မှတ်ထားတဲ့ ရက်တွေကတော့ -
၁။ တနင်္ဂနွေသားသမီးများ - (၃၁) ရက်
၂။ တနင်္လာသားသမီးများ - (၂၉) ရက်
၃။ အင်္ဂါသားသမီးများ - (၄၀) ရက်
၄။ ဗုဒ္ဓဟူးသားသမီးများ - (၄၄) ရက်
၅။ ကြာသပတေးသားသမီးများ - (၅၇) ရက်
၆။ သောကြာသားသမီးများ - (၅၀) ရက်
၇။ စနေသားသမီးများ - (၃၇) ရက်
မီးဓာတ်နှင့်လေ၊ မြေနှင့်ရေ မိတ်ဆွေတော်ကြသဟာယ ဟူသည့် ဓာတ်သဘောအရ လျင်မြန်စေသော စရေဓာတ်ပေါ်ချိန် သောကြာအခါ လျင်မြန်စေသော ဝါယောဓာတ်ခိုရှင့် ဟူသော ရှေးပညာရှိကြီးတို့၏ ဆုံးမမှုအတိုင်း စရေဓာတ်ပေါ်သော သောကြာအခါတွင် မီးဓာတ်နှင့်လေဓာတ် ပေါင်းဆုံစီရင်ခြင်းပဲ ဖြစ်တယ်။
✅ ယတြာပြုလုပ်ရမည့်အချိန်
၁။ တနင်္ဂနွေသားသမီးဆိုလျှင် - နံနက် (၇)နာရီခွဲ မှ (၉)နာရီ/ည (၇)နာရီခွဲမှ (၉)နာရီ
၂။ တနင်္လာသားသမီး - မွန်းလွဲ (၁)နာရီခွဲ မှ (၃)နာရီ
၃။ အင်္ဂါသားသမီး - နံနက် (၉)နာရီ မှ (၁၀)နာရီခွဲ
၄။ ဗုဒ္ဓဟူးသားသမီး - ညနေ (၃)နာရီ မှ (၄)နာရီခွဲ
၅။ ကြာသပတေးသားသမီး - နံနက် (၁၀)နာရီခွဲ မှ (၁၂)နာရီ
၆။ သောကြာသားသမီး - နံနက် (၆)နာရီ မှ (၇)နာရီခွဲ/ ညနေ (၄)နာရီခွဲ မှ (၆)နာရီ
၇။ စနေသားသမီး - မွန်းလွဲ (၁၂)နာရီ မှ (၁)နာရီခွဲ
ယတြာပြုလုပ်မည့်သူများအနေဖြင့် မိမိစတင်ပြုလုပ်ရမည့်ရက်၊ ယတြာပြုလုပ်ရမည့် ရက်ပေါင်း၊ ယတြာ ပြုလုပ်ရမည့်အချိန်၊ ၎င်းသုံးချက်ကို အထူးဂရုစိုက်ရမှာ ဖြစ်ပါတယ်။ မင်းသိင်္ခပရိသတ်ကြီး အားလုံးပဲ ကံပွင့်ကံမြင့်ယတြာကြောင့် မိမိရဲ့ ကံဆိုးကံညံ့များ ကွယ်ပျောက်ပြီး ကံကောင်းခြင်းများ ရောက်ရှိ ပွင့်လန်းလာပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။