ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းနှင့် ဆုတောင်း

ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းနှင့် ဆုတောင်း

မဟာဂန္ဓာရုံဆရာတော်ကြီး ရေးသားတော်မူသော ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူရာတွင် ရွတ်ဆိုရမည့် စာသားနှင့် ဆုတောင်းများ ဖြစ်ပါတယ်။ ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးများ ကပ်လှူပူဇော်၍ မိမိ လိုရာဆုများကို တောင်းဆိုနိုင်ပါတယ်။

ဆွမ်းတော်ကပ်ရာတွင် ရွတ်ဆိုရန်
========================
ဘုန်းတော်အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ၊ စကြဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်အနန္တတို့နှင့်၊ ပြည့်စုံတော်မူသော မြတ်စွာဘုရား၊ ရှင်တော်မြတ်ဘုရားအား ခဲဘွယ်ချိုချဉ် ဆွမ်းဘောဇဉ်ကို၊ ဖြူစင်သဒ္ဓါ စေတနာဖြင့်၊ ရွှင်ကာစိတ်လန်း လှူဒါန်းပါ၏။

ဆုတောင်း

ရသာမွှေးကြူ ဆွမ်းဖွေးဖြူကို၊ ပေးလှူပါရ ဤပုညကြောင့်၊ ဘဝတိုင်းဝယ် ပညာကြွယ်လျှက်၊ မြနှယ်ရွှေနှင့် အနေတင့်၊ အဆင့်ဆင့်မြင့်ရလို။

ရေချမ်းကပ်ရာတွင် ရွတ်ဆိုရန်
=======================
ဘုန်းတော်အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ၊ စကြဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်အနန္တတို့နှင့်၊ ပြည့်စုံတော်မူသော မြတ်စွာဘုရား၊ ရှင်တော်မြတ်ဘုရားအား စမ်းသီတဂူ ရေဖြူဖြူကို၊ ဖြူစင်သဒ္ဓါ စေတနာဖြင့်၊ ရွှင်ကာစိတ်လန်း လှူဒါန်းပါ၏။

ဆုတောင်း

ကြည်လင်အေးမြ ရေလှူရ၍၊ ဘဝတိုင်းဝယ် ပညာကြွယ်လျှက်၊ ကိုယ်ဝယ်တွင်းပြင် ညစ်ကြေးစင်၊ ကြည်လင် အေးမြလို။

ပန်းကပ်ရာတွင် ရွတ်ဆိုရန်
===================
ဘုန်းတော်အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ၊ စကြဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်အနန္တတို့နှင့်၊ ပြည့်စုံတော်မူသော မြတ်စွာဘုရား၊ ရှင်တော်မြတ်ဘုရားအား၊ ရနံ့မွေးကြူ ပန်းဆူဆူကို၊ ဖြူစင်သဒ္ဓါ စေတနာဖြင့်၊ ရွှင်ကာစိတ်လန်း လှူဒါန်းပါ၏။

ဆုတောင်း

အနံ့လည်းသင်း အဆင်းလည်းလှ၊ ပန်းလှူရ၍ ဘဝတိုင်းဝယ်၊ ပညာကြွယ်လျှက် သွယ်သွယ် ဂုဏ်နှင့်၊ အစုံဆင့် ထုံသင်းကြိုင်ရလို။

ဆီမီးကပ်ရာတွင် ရွတ်ဆိုရန်
====================
ဘုန်းတော်အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ၊ စကြဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်အနန္တတို့နှင့်၊ ပြည့်စုံတော်မူသော မြတ်စွာဘုရား၊ ရှင်တော်မြတ်ဘုရားအား၊ ရောင်ဝါထိန်ညီး မြတ်ဆီမီးကို၊ ပိုပြီးသဒ္ဓါ စေတနာဖြင့်၊ ရွှင်ကာစိတ်လန်း လှူဒါန်းပါ၏။

ဆုတောင်း

ထွန်းလင်းတောက်ပ မီးလှူရ၍၊ ဘဝတိုင်းဝယ် ပညာကြွယ်လျှက်၊ လနှယ်နေနှင့် အသေရေတင့်၊ ဆင့်ဆင့်ထွန်းတောက်လို။