လက်မကိုကြည့်ပြီး လူတစ်ယောက်၏ စိတ်အနေအထားကိုဖတ်ခြင်း

ရုပ်လက္ခဏာဗေဒင်ပညာ ဆိုတာ လူရဲ့ ကိုယ်ခန္ဓာ အင်္ဂါအစိတ်အပိုင်းကို ကြည့်ပြီး ထိုသူရဲ့ စိတ်နေစိတ်ထား ကိုယ်ကျင့်စရိုက်နဲ့ ကံကြမ္မာကို ဟောပြောတဲ့ ပညာရပ်တစ်ခုပါ။ အခု ပြောပြမှာကတော့ လက္ခဏာပညာရပ်နဲ့ ဆက်နွယ်ပြီး ရုပ်လက္ခဏာ ဗေဒင်ပညာရပ်လည်း ဖြစ်တဲ့ လူတစ်ယောက်ရဲ့ လက်မကို ကြည့်ပြီး ဟောညွှန်ပြနည်းပဲ ဖြစ်ပါတယ်။ လူတိုင်း တတ်ထားရင် အကျိုးရှိတဲ့ ပညာရပ်တစ်ခုပါပဲ။ လေ့လာကြည့်ရအောင် !
✡ လက်မနှင့် စိတ်တန်ခိုး
လူတစ်ယောက်ဟာ လက္ခဏာ အရေးအကြောင်း ဘယ်လောက်ပဲ ကောင်းနေပါစေ လက်မ အားသတ္တိ နည်းပြီး ထိပ်ချွန်နေမယ်ဆိုရင် သူဟာ ‘လောကအလယ် မျက်နှာငယ်ကာ ယောင်လယ်ဆင်းရဲ ငတ်ကာမွဲ၍ လူတောမဝင် ဖွတ်နှယ်ပင်’ လို့ ပညာရှင်တွေက ဆိုကြတဲ့အထိ လက်မဟာ အလွန်အရေးပါ,ပါတယ်။ အထူးသဖြင့် လက်မဟာ စိတ်တန်ခိုး၊ သြဇာ၊ အာဏာတို့နဲ့ သက်ဆိုင်တဲ့ နေရာတစ်ခုပါပဲ။ လက်မမှာ အပိုင်း (၃) ပိုင်းရှိပြီး ပုံစံ (၅) မျိုး ရှိပါတယ်။
လက်မ၏ အပိုင်း (၃) ပိုင်း
===================
(၁) လက်သည်းခွံရှိနေတဲ့ အပိုင်းဟာ စိတ်ဇွဲသတ္တိတို့နဲ့ သက်ဆိုင်တယ်။
(၂) အလယ်ပိုင်းကတော့ ဆင်ခြင်တုံတရား၊ စဉ်းစားတွေးတောခြင်း၊ ဝေဖန်သုံးသပ်နိုင်စွမ်းတို့နဲ့ သက်ဆိုင်ပါတယ်။
(၃) တတိယအပိုင်းမှာတော့ သောကြာဂြိုဟ်အိမ်ပိုင်း ဖြစ်တဲ့အတွက် အချစ်၊ မေတ္တာ၊ ကာမ၊ ရာဂ၊ မိတ်ဆွေသင်္ဂဟ စတဲ့ အရာတွေနဲ့ သက်ဆိုင်နေပါတယ်။
✅ လက်မ၏ ပထမအပိုင်းအဟော
ဒီအပိုင်းဟာ အဆက်ထက် ဗြက်ကျယ်မယ်၊ ပြန့်ကားမယ်ဆိုရင် ခေါင်းဆောင်နိုင်သူ ဦးစီးဦးဆောင်နိုင်စွမ်း ရှိသူတစ်ယောက် ဖြစ်မယ်။ ဒီအပိုင်း ရှည်နေမယ်ဆိုရင် စိတ်လိုက်မာန်ပါ လုပ်တတ်မယ်၊ ကိုယ့်ကိုယ်ကို အားကိုးတတ်သူ ဖြစ်မယ်။ ၎င်းပထမအပိုင်းဟာ လက်ဆစ်ထက် သေးပြီး အဖျားရှူးနေရင် ကြောက်တတ်မယ်၊ နောက်လိုက် ဖြစ်တတ်တယ်၊ တစ်ပါးသူကို မှီခိုတတ်တယ်၊ ရေသာခိုမယ်၊ စိတ်ပျော့ညံ့မယ်။
အကယ်၍ ပထမအပိုင်းနဲ့ လက်မ ဒုတိယအပိုင်းဟာ တူညီနေမယ်ဆိုရင်တော့ အကောင်းဆုံးပဲလို့ ဆိုရပါမယ်။ ပထမအပိုင်းက ရှည်နေရင် လောဘကြီးပြီး ဇွတ်တရွတ် လုပ်တတ်တဲ့သဘော ရှိနေပါတယ်။ ဒုတိယပိုင်းက ပိုရှည်နေရင်တော့ ပြတ်သားမှုနည်းတယ်၊ တွေဝေမယ်၊ ချီတုံချတုံ ဖြစ်တတ်တယ်။
✅ လက်မ၏ ဒုတိယအပိုင်းအဟော
လက်မ ဒုတိယအပိုင်းက ပထမအပိုင်းထက် ရှည်နေမယ်ဆိုရင် ပါးနပ်မယ်၊ ဒုက္ခတွေနဲ့ ကင်းလွတ်အောင် နေတတ်မယ်။ အရာရာကို စဉ်းစားချင့်ချိန်နိုင်စွမ်း ရှိတယ်။ တစ်ခါတလေ စဉ်းစား သုံးသပ်လွန်ပြီး အခွင့်အရေးကို လက်လွှတ်လိုက်ရတာမျိုး၊ သူများနောက်မှ ထလုပ်ရတာမျိုး ကြုံတတ်တယ်။ လောဘဒေါသ နည်းတတ်မယ်၊ များနေရင်တောင် ထိန်းချုပ်တတ်ကြတယ်။ အခြားသူကို အကြံကောင်း ဉာဏ်ကောင်းတွေ ပေးနိုင်ကြတယ်။ သူများကိုတော့ ကူညီနိုင်ပါရဲ့၊ ကိုယ့်ဘာကိုယ်ကျ မကယ်နိုင်ဘူး ဖြစ်တတ်ပါတယ်။
✅ လက်မ၏ တတိယအပိုင်းအဟော
ဒီအပိုင်းဟာ ကျယ်ပြန့်ပြီး ဒေါင်လိုက်အစင်း (လက္ခဏာ အရေးအကြောင်း) များနေမယ်၊ တင်းမာခြင်း အသားပြည့် ဖောင်းကြွခြင်း ရှိမယ်ဆိုရင် အခြွေအရံ များမယ်။ မိတ်ဆွေပေါမယ်။ အစားအသောက် ခုံမင်တယ်။ ကာမဂုဏ်မှာ ပျော်မွေ့တယ်။ ဘယ်လောက်ပဲ ဆင်းရဲနေပါစေ ကောင်းကောင်းနေ ကောင်းကောင်စားလိုစိတ် ရှိတတ်ပါတယ်။
✡ လက်မပုံစံ (၅) မျိုး
၁။ တင်းမာတောင့်တင်းသောလက်မ
ဇွဲရှိတယ်။ သတ္တိရှိတယ်။ ပြတ်သားတယ်။ ဝီရိယကြီးတယ်။ အလုပ်ကို ကြိုးစားတတ်တယ်။ စည်းကမ်းရှိတယ်။ လူမှုဆက်ဆံရေးမှာ လိမ္မာပါးနပ်တယ်။ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ရင် မထုံတတ်တေး ရှိမယ်။ နှလုံးသား စိတ်ခံစားချက်ကို သိုဝှက်ထားတတ်တယ်။
၂။ သွယ်ညွတ်ပျော့ပြောင်းသောလက်မ
အသုံးအဖြုန်း ရက်ရောတယ်။ ဟိုစပ်စပ်ဒီစပ်စပ် တတ်တယ်။ ဗဟုသုတကြွယ်တယ်။ တစ်ခုထက်မကတဲ့ ပညာရပ်တွေကို အပေါ်ယံအားဖြင့် နားလည်တယ်။ အသစ်အဆန်းကို လိုလားတယ်။ စိတ်ကူးယဉ်တတ်ကြတယ်။ ဆက်ဆံရေးကောင်းရင် အရာရာ အောင်မြင်နိုင်တယ်လို့ ယုံကြည်ကြတယ်။
၃။ ပုတိုသောလက်မ
ဇွဲလုံ့လဝီရိယ အားနည်းတယ်။ ရှေ့နောက်မဆင်ခြင်ဘဲ ထင်ရာ ဇွတ်လုပ်မိတတ်တယ်။ လူလူချင်း စာနာစိတ် နည်းတတ်တယ်။ တွေးခေါ်မှု ညံ့ဖျင်းတယ်။ ကြီးပွားချမ်းသာဖု့ိ လူတော်တစ်ယောက်ဖြစ်ဖို့ အလားအလာ အလွန်နည်းပါးတယ်။
၄။ တင်းပုတ်သဏ္ဍာန်ရှိသောလက်မ
ရာဇဝတ်ကို မကြောက်တတ်။ စိတ်မထင်ရင် ဘယ်လိုရာဇဝတ်မှုမျိုး ဖြစ်စေ အလွယ်တကူ ကျူးလွန်တတ်တယ်။ ရန်ကို ရန်နဲ့ ဖြေရှင်းတတ်မယ်။ အတိုက်အခံတွေကို မကြောက်ရွံ့တတ်ဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု လွန်ကဲမယ်။ လက်ဖဝါးပြင်မှာ နှလုံးလမ်းကြောင်း ရှည်လျားပြီး ကံလမ်းကြောင်း အားကောင်းမယ်ဆိုရင်တော့ နိုင်ငံရေးခေါင်းဆောင် ဖြစ်တတ်တယ်။
အခုတင်ပြခဲ့တာကတော့ လက်မအဟောပဲ ဖြစ်ပါတယ်။ ဆရာထွန်းလင်းကျော်ရဲ့ ဆောင်းပါးတစ်ပုဒ်မှ ပြန်လည် ကောက်နုတ်ထားတာပဲ ဖြစ်ပါတယ်။ အကောင်းဆုံး လက်မပုံသဏ္ဍာန် ဆိုရင်တော့ အပိုင်း (၃) ပိုင်းစလုံး ညီညွှတ်မျှတပြီး လက်သည်းခွံ ကျယ်ပြန့်တဲ့ လက်မမျိုးပဲလို့ ဆိုပါတယ်။