ဂါထာအကြောင်းသိကောင်းစရာ

==================
ခုဒ္ဒကပဌအဋ္ဌကထာ၊ မင်္ဂလာသုတ္တအဖွင့်၌ဂါထာဟူသောပုဒ်ကို 'အက္ခရပဒနိယမိတဂန္ထိတေနဝစနေန'ဟူ၍ အဋ္ဌကထာဆရာ ရှင်မဟာဗုဒ္ဓွဃောသ ဖွင့်ဆိုအပ်သည်နှင့် လျော်စွာ အက္ခရာ ပုဒ်တို့ကို သတ်မှတ်၍ ဖွဲ့ဆိုရေးသားအပ်သော ပါဠိအဖွဲ့ကို ဂါထာဟု ခေါ်သည်။ ဂါထာကို ပဇ္ဇဟူ၍၎င်း၊ သိလောကဟူ၍ ၎င်း ခေါ်ဆိုသေးသည်။ဂါထာသည် မြန်မာမှု၌ ကဗျာနှင့် သဘောတူသည်။ သို့ဖြစ် ၍ ဂါထာသည် ပါဠိကဗျာပင်ဖြစ်သည်။

တစ်ဂါထာ၌ လေးပါဒရှိသည်။ မတြာအရေအတွက်ဖြင့် သတ်မှတ်ဖွဲ့ဆိုအပ်သော ဂါထာ၊ အက္ခရာ အရေအတွက်ဖြင့် သတ်မှတ်ဖွဲ့ဆိုအပ်သော ဂါထာဟူ၍ ဂါထာ ၂ မျိုးရှိပြန်သည်။ မတြာဆိုသည်မှာ မျက်စိတစ်မှိတ် လျှပ်စစ်တစ်ပြက် လက် ဖျက် တစ်တီးကာလကို ခေါ်သည်။ သာမန်အားဖြင့် အ၊ ဣ၊ ဥ ဟူသော အက္ခရာများသည် တမတြာရှိ၏။ အသံပေါ့သော ကြောင့် လဟု ခေါ်သည်။ အာ၊ ဤ၊ ဦ၊ ဧ၊ ဩ ဟူသော အက္ခရာများသည် နှစ်မတြာရှိ၏။ အသံလေးသောကြောင့် ဂရုဟု ခေါ်သည်။

မတြာအရေအတွက်အားဖြင့် သတ်မှတ်ဖွဲ့ဆိုအပ်သော ဂါထာ မျိုးကို မတြာဝတ္တိဂါထာဟု ခေါ်သည်။ ထိုမတြာဝတ္တိဂါထာသည်

၁။ အရိယာဂါထာမျိုး
၂။ ဂီတိဂါထာမျိုး
၃။ ဝေတာလီဂါထာမျိုး
၄။ မတ္တာသမကဂါထာမျိုး
ဟူ၍ လေးမျိုးကွဲပြားသည်။

ရည်ညွှန်း ; မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)