မြေကမ္ဘာသို့ အလည်ရောက်လာခဲ့သော မင်းသိင်္ခ အပိုင်း (၁၉)

အောင်ထွန်းသည် အခြေခံစစ်ပညာသင်တန်းကို ပင်ပင်ပန်းပန်း တက်ရောက် ခဲ့ပြီး အောင်မြင်ခဲ့သည်။ ခွင့်ရက်ရသည့်အခါ သူ့အိမ်သို့ ပြန်လာခဲ့သည်။ တပ်ထဲမှာ နေရသည်နှင့် ရပ်ကွက်ထဲမှာ နေရသည့် အရသာသည် လုံးဝမတူညီပါ။ တပ်ထဲမှာ နေရသည်မှာ မလွတ်မလပ်ဖြစ်ပြီး ရပ်ကွက်ထဲမှာ နေရသည်မှာ လွတ်လပ်သည်။ သို့သော် ယခုကဲ့သို့ ခွင့်ဖြင့် အိမ်ပြန်သည့်အခါ ဟိုးအရင်က အိမ်မှာနေရသလို မဟုတ်ချေ။ အိမ်နှင့်သူသည် တသားတည်း မဟုတ်တော့ဘဲ တစိမ်းလို ဖြစ်သွားသည်။
ပြီးတော့ ခွင့်ဖြင့် အိမ်မှာနေရသည်မှာလည်း မလွတ်လပ်သလို ခံစားလာမိ ပြန်သည်။ နောက်ကြောင်းမအေးသည့် ခံစားမှုမျိုး ဖြစ်သည်။ အိမ်ရောက်သည်နှင့် ခဏတဖြုတ်နားပြီး ဦးထုပ်နီကြီးဆီသို့ ထွက်ခဲ့ရာ အောင်မင်္ဂလာ လမ်းထိပ်နား အရောက်တွင် သူ့ကိုနူတ်ဆက်သံကြားရသဖြင့် လှည့်ကြည့်လိုက်ရာ ပေါက်ဖော်ကြီး ဖြစ်ကြောင်း တွေ့ရသည်။
ပေါက်ဖော်ကြီးသည် ဝက်ခေါင်းသုတ်သည်ကြီး ဖြစ်နေပြန်လေပြီ။ သစ်သား လှည်းအမိုးတွင် တပ်ထားသော ဆိုင်းဘုတ်ကို သူလှမ်းဖတ်လိုက်သည်။ စံမတူ ဝက်ခေါင်းသုတ်။
“ ဟာ.. ပေါက်ဖော်ကြီး.. ဝမ်းသာလိုက်တာဗျာ.. ခင်ဗျား ထမင်းကြော် ..
မရောင်းတော့ဘူးလား..”
“ ထမင်းကြော် မရောင်းတော့ဘူးကွ.. အဲဒီနေရာကို ကျူးကျော်တယ်ဆိုပြီး
မြူနီစပယ်က လာရှင်းလို့ငါဖယ်ပေးလိုက်ရတယ်..။
အခုတော့ ဝက်ခေါင်းသုတ် ရောင်းတယ်လေကွာ.. ဒါလည်း ငြိမ်းချမ်းပါတယ်..
ဟဲဟဲ.. ပေါက်ဖော်ကြီးနော်.. ငြိမ်းချမ်းတယ်.. အမြဲ ငြိမ်းချမ်းတယ်..
ဒါနဲ့ မင်းဘယ်တွေပျောက်နေတာလဲကွ.. ဆံပင်ကလည်း တိုသွားလိုက်တာကွာ..
နေပါဦး အဲဒီဆံပင်ပုံက စစ်သားတွေမှာ အတွေ့များတဲ့ ပုံစံ..
ဟေ့ကောင် မင်း စစ်ထဲဝင်လိုက်တယ် မဟုတ်လား..”
“ ဟုတ်တယ်ဗျ.. ကျွန်တော် အခုစစ်ထဲရောက်နေပြီ..
တပ်ကြပ်ကြီးစာရေး စာမေးပွဲဖြေပြီး တပ်ထဲရောက်သွားပြီ..”
“ ကောင်းတယ်ကွ.. ကျောင်းပြေးပြီး ထမင်းကြော်လာစား..
ငါပြောတဲ့ ပုံပြင်လေးနားထောင်ပြီး ဘာရည်ရွယ်ချက်မှမရှိဘဲ..
လေလွင့်ချင်တဲ့ စိတ်တွေ ပျောက်သွားပြီပေါ့.. ဒါနဲ့နေပါဦး..
အခုမင်းဘယ်သွားမလို့လဲ..”
“ ကျွန်တော့်မိတ်ဆွေ တစ်ယောက်ဆီသွားမလို့ဗျ.. သူက မအူကုန်းမှာ
နေတယ်လေ.. သူ့နာမည်က ထွန်းထွန်းဆိုလား ဘာလား..
ဦးထုပ်နီတစ်လုံးတော့ အမြဲဆောင်းထားလို့ သူ့ကို ဦးထုပ်နီပဲ ခေါ်ကြတယ်..”
“ ဪ.. ဦးထုပ်နီလား.. ငါသိတယ်ကွ.. စောစောကလေးတွင်
သူတို့လမ်းထိပ်မှာတွေ့လိုက်သေးတယ်.. ကားမောင်းပြီး ..
မြို့ထဲထွက်သွားလေရဲ့.. မင်းအခုသူ့အိမ်သွားလဲ သူရှိမှာ မဟုတ်လို့..
ငါနဲ့လိုက်ပြီး ဝက်ခေါင်းသုတ်ရောင်းကွာ..”
“ ဟာ.. ကျွန်တော်က တပ်မတော်သား ဖြစ်နေပြီဗျ.. ပေါက်ဖော်ကြီးနဲ့..
အခုလို တွန်းလှည်းကြီးနဲ့ လျှောက်ရောင်းဖို့မသင့်တော်ပါဘူး..”
ပေါက်ဖော်ကြီးက အားရပါးရ ရယ်သည်။
“ တပ်မတော်သားကျင့်ဝတ်ခြောက်ဆယ်ကို မချိုးဖောက်ပါဘူးကွ..
ပြီးတော့ အခုမင်းက အရပ်သားဝတ်စုံ ဝတ်ထားတာပဲ..
ပြီးတော့ ငါကလည်း မင့်ကို လှည်းမတွန်း ခိုင်းပါဘူးကွ..
ဘေးကပဲ လိုက်ခိုင်းတာ.. လာကွာ.. တို့တွေ အရိပ်ရတဲ့ ဟောဟိုရှေ့နားက..
ညောင်ပင်ကြီး အောက်သွားမယ်.. အဲဒီမှာ မင့်ကို ငါ ..
စပယ်ရှယ် ဝက်ခေါင်းသုတ်ကျွေးမယ်.. ပြီးတော့ ..
ဝက်ခြေထောက်စွတ်ပြုတ်တိုက်မယ်ကွာ..”
အောင်ထွန်းသည် ပေါက်ဖော်ကြီးကို ခင်မင်နေသဖြင့် တွန်းလှည်းကို ဝင်တွန်းပေးပြီး စကားတပြောပြောဖြင့် ညောင်ပင်ကြီးအောက် ရောက်သွားသည်။ ပေါက်ဖော်ကြီးသည် သစ်သား ခွေးခြေလေးနှစ်လုံးကို ချပြီး အောင်ထွန်းကို ထိုင်စေသည်။ ပြီးတော့ ဝက်ခေါင်းသုတ်ကို အရင်သုတ်သည်။ ဝက်ခေါင်းသုတ်ဆိုသော်လည်း အစုံပါသည်။ ဝက်လျှာပါသည်။ အဆုတ်ပါသည်။ အသည်းပါသည်။ အူချို။ အူပိတ် ပါသည်။ သခွားသီးကို ရိတ်ရိတ်လေးလှီးထားပြီး အချဉ်ဆမ်းထားသဖြင့် ဝက်ခေါင်းသုတ်သည် အလွန်စားကောင်းနေ၏။
“ အရမ်းကောင်းတယ်ဗျာ.. ဝက်ခြေထောက် စွတ်ပြုတ်လေးလဲ စားချင်တယ်”
“ ဟားဟား.. စားရမယ် စားရမယ်.. ငါ့ဝက်ခေါင်းသုတ်နဲ့ ဝက်ခြေထောက်..
စွတ်ပြုတ်က နတ်သား တစ်ပါးလာသုတ်ပေးတာကွ.. အဲဒီနတ်သားက ..
လူယောင်ဖန်ဆင်းပြီး ပေါက်ဖော်ကြီးယောင် ဆောင်ထားတာ..”
အောင်ထွန်းသည် သဘောကျစွာဖြင့် ရယ်လိုက်သည်။
“ မင်း တပ်ကို ဘယ်နေ့ပြန်ရမလဲ.. ငါ မင်းစားဖို့
ဝက်ခေါင်းသုတ် ထည့်ပေးလိုက်မယ်..”
“ ဘယ်ခံမလဲဗျ.. သိုးကုန်မှာပေါ့..”
“ အေးကွ.. အင်း.. ဝက်ဆီပတ်လေးတွေရှိရင်တော့ အဆင်ပြေမယ်ကွ..
တစ်ပတ်လောက်တော့ အေးအေးဆေးဆေးပဲ..”
ပေါက်ဖော်ကြီးက နည်းနည်းမတ်စောက်သော ပန်းကန်တစ်လုံးတွင် ဝက် ခြေထောက် စွတ်ပြုတ်ထည့်လာသည်။ သူ့ဝက်ခြေထောက်စွတ်ပြုတ်သည် အညိုရောင် သန်းနေပြီး အပေါ်မှ ကြက်သွန်မြိတ်များ ဖြူးထားသည်။ ပြီးတော့ ငရုတ်ကောင်းမှုန့်များ ဖြူးထား၏။
“ ကောင်းလိုက်တာဗျာ.. ခင်ဗျားဟာ နတ်သား တစ်ပါးဆိုတာ..
ကျွန်တော်ယုံပြီ.. ဒါပေမယ့် ခင်ဗျား လက်သမားပညာ တတ်သေးတယ်..
ဆိုတာတော့ .. ကျွန်တော်မယုံသေးဘူး..”
ပေါက်ဖော်ကြီးက ရယ်ပြန်သည်။
“ ကောင်လေး.. ငါ့တွန်းလှည်းလေးကို မင်းကြည့်စမ်း.. ဘာထူးခြားချက်..
တွေ့သလဲ.. ပြီးတော့ မင်းထိုင်နေတဲ့ ခွေးခြေကို မင်းသေသေချာချာကြည့်စမ်း..
ဘာထူးခြားချက် တွေ့သလဲ..”
အောင်ထွန်းသည် ပေါက်ဖော်ကြီး ပြောသည့်အတိုင်း တွန်းလှည်းကို ပထမ ကြည့်သည်။ သာမန်ကာ လျှံမန်ကာကြည့်ခြင်း မဟုတ်ဘဲ လှည်းကို အစိတ်အပိုင်း အသီးသီးအလိုက် သေသေချာချာ ကြည့်ခြင်းဖြစ်၏။ လှည်းသည် သစ်သားလှည်း ဖြစ်သော်လည်း ဝန်ပေါ့အောင် ပြုလုပ်ထားခြင်းဖြစ်သည်။ အထူးသဖြင့် လှည်းဘီးသည် မြန်မာလှည်းဘီးတွေလို ထုထည်ကြီးကြီးဖြင့် လုပ်ထားခြင်း မဟုတ်ဘဲ သစ်သားခွေလေးတွေက သေးငယ်နေသည်။
သေသေချာချာကြည့်ပြီးသော် အောင်ထွန်းက ပြတိုက်တောင် ပို့ရမည့် လက်ရာပဲဗျ။ သိပ်ကောင်းတယ်ဟု ပြောလိုက်မိသည်။ ခွေးခြေတွေက ပိုတောင် ကောင်းနေသေး၏။ ဖင်ထိုင်ခုံ သစ်သားပြားသည်အဝိုင်းဖြစ်ပြီး အောက်က ခြေထောက် လေးခုသည် အချိုးကျနေ၏။ ထူးခြားချက်မှာ သံချက် တစ်ချက်မှ မရှိခြင်းပင်။
“ လှည်းမှာလဲ အဲဒီလိုပဲကွ.. သံရိုက်ထားတာ တစ်ခုမှမရှိဘူး.. ငါတို့
တရုတ်လက်သမားတွေက သံကိုအားမကိုးဘူးကွ..
သစ်သားကိုပဲ အားကိုးတယ်.. သစ်သားစည်ကိုမင်းတွေ့ဖူးလား..
သံတစ်ချက်မှမရှိဘူး.. စည်ပတ်သံပြားနဲ့ ဘေးက ဆွဲရစ်ထားတာ..
အဲဒါက ရေလုံးဝ မစိမ့်ဘူး.. မှတ်ထားကွ.. ပရိဘောကလုပ်ရင်
တရုတ်လူမျိုး လက်သမားနဲ့လုပ်.. အဲဒါ သိပ်ကောင်းတယ်..”
သူတို့နှစ်ယောက်ညောင်ပင်အောက်မှာ ထိုင်ပြီး စကားကောင်းကြ၏။
“ ဒါနဲ့ ပေါက်ဖော်ကြီးကို မေးရဦးမယ်.. ပေါက်ဖော်ကြီးက ဦးထုပ်နီကြီးကို..
သိတယ်ဆိုတော့ အဲဒီဦးထုပ်နီကြီးက ဘာလဲ.. မှော်ဆရာကြီးလား..”
“ မင်းက သူ့ သွားမမေးဘဲ ငါ့လာမေးနေတာကိုး.. ဒီလိုကွ.. အဲဒီဦးထုပ်နီနဲ့လူက
ထွန်းထွန်းဆိုတာ အမှန်ပဲ.. သူက ဂမ္ဘီရသမားစစ်စစ်ကွ.. ဂမ္ဘီရဆိုတာလည်း
ထူးဆန်းအံ့ဩဖွယ်ရာ ကိစ္စတွေပဲ ဆိုတော့ မှော်အတတ်ပညာလို့..
ပြောနိုင်တာပေါ့ကွာ.. အဘိဓာန်မှာလည်း Occultation ကို မှော်ပညာလို့ပဲ..
အဓိပ္ပါယ်ဖွင့်ထားတယ်.. ဒီတော့ မင့်စကားနဲ့ မင်းကိုပြန်ပြောရရင်..
ဦးထုပ်နီဟာ မှော်ဆရာပဲ..”
“ ကျွန်တော် အဲဒီပညာတွေကို စိတ်ဝင်စားတယ်ဗျ.. ပေါက်ဖော်ကြီးက
ဗဟုသုတများတော့ အဲဒီမှော်ပညာအကြောင်းများ ..
သိသလောက် ပြောပြနိုင်မလား..”
“ ဒီလိုကွ.. အဲဒီဂမ္ဘီရ အတတ်ပညာက ကမ္ဘာဦးကထဲက စရှိခဲ့တယ်လို့..
ငါဖတ်ဖူးတယ်.. ဟေ့ကောင် ငါကတော့ ဂမ္ဘီရမတတ်ဘူးနော်..
စာဖတ်ဖူးတာတွေကနေ မင့်ကိုပြန်ပြောပြမယ်.. ရှေးရှေးတုန်းက..
လူတစ်ယောက်ရဲ့ ကျန်းမာရေးနဲ့အကျင့်စာရိတ္တကို..
တစ်ယောက်ယောက်ကနေ ပြုပြင်ပေးနိုင်တယ်လို့ ယုံကြည်ခဲ့တယ်..
ပညာတစ်ခုနဲ့စီမံပြီး အဆောင်တစ်ခုခုကို သူ့အတွက်လုပ်ပေးလိုက်တာနဲ့..
အဲဒီလူရဲ့ ကျန်းမာရေးဟာဆိုးသွားမယ် ဒါမှမဟုတ် ပိုကောင်းသွားမယ်လို့..
ယုံကြည်ကြတယ်.. ပြီးတော့ ဂါထာမန္တရား တချို့ကို..
ရွတ်ဖတ် ပေးလိုက်ခြင်းအားဖြင့်.. မိုးတွေ ရွာစေနိုင်တယ်..
လေတွေ တိုက်စေနိုင်တယ်လို့ယုံကြည်ကြတယ်..
တနည်းအားဖြင့်တော့ သဘာဝတရားတွေကိုတောင် ပြုပြင်ပေးနိုင်တယ်လို့
ယုံကြည်ခဲ့ကြတယ်.. တနည်းအားဖြင့်တော့ အဲဒီကမ္ဘာဦးလူတွေဟာ..
ဂမ္ဘီရ အတတ်တွေကိုယုံကြည်ခဲ့ကြတယ်ကွ.. အဲဒီမှာလေ့လာလိုက်စားပြီး..
တတ်ကျွမ်းသူတွေအများကြီးပေါ်လာတယ်.. တကယ်က ဂမ္ဘီရပညာဆိုတာ..
ကမ္ဘာတည် ကထဲကရှိခဲ့တာ..”
ပေါက်ဖော်ကြီးသည် အောင်ထွန်းစားရန်အတွက် ပန်းကန်လုံးတစ်လုံးတွင် ထမင်းဖြူများ ထည့်လာပြီး ခေါက်စားပွဲတစ်လုံးကို လက်ကဆွဲလာကာ အောင်ထွန်း ဘေးက ခွေးခြေမှာ ထိုင်ပြန်၏။
“ နောက်ပိုင်းတော့ မကျွမ်းကျင်ဘဲ လိမ်စားနေတဲ့မှော်ဆရာတွေလဲ
အများကြီး ရှိလာတော့ လူတွေက အယုံအကြည်နည်းသွားကြတယ်..
အဲဒီပညာကို ရှေး ဗက်ဗီလုံ လူမျိုး၊ အဆီးရီးယန်း လူမျိုးနဲ့ ၊
အီဂျစ်လူမျိုးတွေက အကြွင်းမဲ့ ယုံကြည်ခဲ့ကြတယ်ကွ..
နောက်တော့ ဂရိနဲ့ ရောမနိုင်ငံတွေဆီကိုအဲဒီပညာရောက်သွားခဲ့တယ်..
အဲဒီကနေမှ ဥရောပတိုက်.. အနောက်ပိုင်းကိုထပ်ရောက်သွားတယ်ကွ..
အဲဒီက လူတွေရဲ့ယုံကြည်မှုထဲကို ဒီပညာက ရောဝင်သွားတယ်..
အီဂျစ်လူမျိုးတွေဟာ ကြယ်တွေကို.. ကြည့်ပြီး နေ့ကောင်းရက်သာတွေ
ရွေးကြတယ်.. အဲဒီလိုရွေးချယ်ပြီးတော့ လယ်စိုက်တာတွေ
ကောက်ရိတ်တာတွေနဲ့ တစ်ခြားလုပ်ငန်းတွေကို
အဲဒီရက်တွေမှာ လုပ်ကြတယ်.. အဲဒီ မှာ ထူးထူးခြားခြား
အောင်မြင်မှုတွေ ရကြတယ်.. လေ့လာတဲ့သူတွေလည်း ပိုများလာတယ်..”
“ ဒီစားပွဲလဲ ပေါက်ဖော်ကြီး လက်ရာပဲလား..”
စားပွဲသည် လက်ရာမြောက်လှပါသည်။ ပေါက်ဖော်ကြီးက ခေါင်းညိတ်သည်။
“ ဒီစားပွဲက ကြည့်တော့သာ လွယ်မယ်ထင်တာ.. နှစ်နာရီလောက်လုပ်ရတယ်
ပရိဘောက တစ်ခုကောင်းဖို့ဆိုတာ စရွေးကိုက်ဖို့အဓိကပဲကွ.. ရွေဘော်နိုင်ဖို့လဲလိုတာပေါ့ကွာ..”
“ ဒါနဲ့ စောစောက ဂမ္ဘီရ ပညာအကြောင်း
ပေါက်ဖော်ကြီးသိသလောက် ဆက်ပြောပါဦး..”
“ ဒီလိုကွ.. ၁၆ ရာစုလောက်မှာကထဲက မှော်အတတ် သိပ္ပံဟူသော..
အသုံးအနှုန်းကို စသုံးလာကြတယ်.. သိပ္ပံနည်းကျတဲ့ မှော်အတတ်..
တနည်းအားဖြင့် ဂမ္ဘီရပညာပေါ့ကွာ.. ၁၉ရာစုမှာ ဂမ္ဘီရပညာအား..
အလွန်ကောင်းခဲ့တယ်.. အဲဒီမှာ နက္ခတ်ဗေဒင်၊ ဂဏန်းဗေဒင်နဲ့..
အဆောင်လက်ဖွဲ့ပညာတွေ အားကောင်းခဲ့တယ်..
သိပ္ပံနည်းကျတဲ့ ပညာတွေကို ဓါတုဗဒ၊ ရူပဗေဒ ပညာရပ်များအဖြစ်..
လက်ခံလာကြတယ်.. ဒါပေမယ်. . လက်တွေ့ သက်သေမပြနိုင်ပေမယ့်..
အံ့ဩစရာကောင်းတဲ့ .. အဖြစ်အပျက်တွေက အများကြီးပဲ..
လက်တွေ့ သက်သေမပြနိုင်ဘဲ တကယ် ဖြစ်ပေါ်လာစေတဲ့..
အကြောင်းတရာတွေကို .. ဂမ္ဘီရပညာ Occultation အဖြစ် သတ်မှတ်ပြီး..
လေ့လာခဲ့ကြတယ်.. ဒါကြောင့် လျှို့ဝှက်နက်နဲတဲ့ ပညာအဖြစ်နာမည်ကျော်ခဲ့တယ်..”
အတန်ကြာသည်အထိ ပေါက်ဖော်ကြီးက ထပ်မပြောတော့သဖြင့် သူက ဆက်ပြောဖို့ တိုက်တွန်းလိုက်သည်။
“ ဒီလိုကွ.. ဒီအကြောင်းတွေက ငါစာဖတ်ထားလို့သာ သိတာ..
ကျွမ်းကျင် တာမဟုတ်ဘူး.. အဲဒီတော့ တကယ်ကျွမ်းကျင်တဲ့ လူကိုမေးမှ..
ပိုကောင်းမယ်လို့ စဉ်းစားမိပြီး ဆက်မပြောတော့တာကွ..
အဲဒီတော့ မင်းထပ်သိချင်ရင် မင့်ဆရာ ဦးထုပ်နီကိုသာ ဆက်မေးတော့..”
“ ပေါက်ဖော်ကြီးက စာအတော်ဖတ်တာပဲနော်.. ခင်ဗျားမသိတာ ဘာရှိသေးလဲ..”
“ ငါသိတာက စာအုပ်ထဲမှာ ပါတဲ့အကြောင်းတွေပဲ သိတာ..
စာအုပ်ထဲ မရောက်သေးတဲ့ ပညာတွေ အကြောင်းအရာတွေ အများကြီးပဲ..
အဲဒီတော့ နေရာတကာမှာ စာအုပ်ကိုချည်းပဲ အားကိုးလို့မရသလို..
စာအုပ်ကိုလည်း လက်လွှတ်လို့မဖြစ်ဘူးကွ..
ဒါနဲ့ မင်းရော စာဖတ်သလား..”
“ ဖတ်တာပေါ့ဗျ.. ကျွန်တော် စာဖတ်အသင်းတောင် လုပ်ထားသေးတယ်..”
“ ကောင်းတယ်.. အသိဉာဏ်တိုးတက်ဖို့က စာဖတ်ဖို့လိုတယ်..
မင်း ပီမိုးနင်းရဲ့ နေရီရီ ဖတ်ဖူးသလား..”
“ ဟုတ်ကဲ့.. ဖတ်ဖူးပါတယ်..”
“ သခင်ဘသောင်းရဲ့ ပန်းသာမစာဥ ဖတ်ဖူးသလား..”
“ ဖတ်ဖူးတယ်..”
ပေါက်ဖော်ကြီး ဆက်ပြောသော စာအုပ်တွေကို သူဖတ်ဖူးသည့်အကြောင်း ပြောသည့်အခါ ပေါက်ဖော်ကြီးက ကျေနပ်သွားပုံရသည်။
“ ဒါနဲ့မင့်ကိုမေးရဦးမယ်.. တချို့မိဘတွေက ကလေးတွေ ဝတ္တုဖတ်တာ..
မကြိုက်ဘူးကွ.. ဒီတော့ မင့်ကိုမေးမယ်.. ဝတ္တူဖတ်တာက ..
ဘာတွေအကျိုးရနိုင်တယ်လို့ မင်းထင်သလဲ..
ပြီးတော့ အကျိုးရော ယုတ်နိုင်သလား..”
“ ကျွန်တော်မသိဘူးဗျ..”
ပေါက်ဖော်ကြီးသည် တဟဲဟဲရယ်၏။
“ ဒီလိုကွ ဝတ္တုကိုဖတ်တဲ့အခါ .. စာဖတ်တဲ့သူ ဘယ်သူမဆို
ကိုယ်ဖတ်လိုက်တဲ့.. ဇာတ်ကောင်ကို ကိုယ့်စိတ် အာရုံမှာ
ဖန်တီးပုံဖော်ရတာ.. အင်မတန်မှကို သဘောကျစရာ ကောင်းတယ်ကွ..
အဲဒါက ဝတ္ထုရဲ့ ထူးခြားချက်ပဲ.. အဲဒီတော့ ဝတ္တုဆိုတာ..
ဇာတ်လိုက်ကို ဗဟိုပြုပြီး အဲဒီမှာ လူဆိုးတွေ လူကောင်းတွေ ..
စိတ်ဓာတ်ကောင်းသူတွေ စိတ်ဓာတ်ယုတ်ညံ့သူတွေ..
ကိုယ်ကျင့်တရားကောင်းသူတွေ .. မကောင်းသူတွေ.. သူရဲကောင်းတွေ ..
သူယုတ်မာတွေ အားလုံးကို ပုံဖော်ရေးထားတာ.. အဲဒီတော့ ..
စာဖတ်တဲ့သူဟာ သူရဲကောင်းကို အားကျမယ်..
စွန့်လွှတ်အနစ်နာခံမှုတွေကိုအားကျမယ်.. ကောင်းတာကို ကျေနပ်မယ်..
မကောင်းတာကို မကျေနပ်ဘူး..အဲဒီ စိတ်ခံစားမှုတွေရမယ်..
အဲဒါက လက်တွေ့ အကျိုးရတဲ့ အချက်ပဲ..”
ပေါက်ဖော်ကြီးက ဆက်ပြောပြန်သည်။
“ရသစာပေနဲ့ သုတစာပေမှာ သုတစာပေက အသိကြွယ်တယ်..
အသိတရား ဆိုင်ရာ အချက်အလက်တွေ ရတယ်.. ရတဲ့အခါ ..
အဲဒါတွေကို သုံးသပ်ဆင်ခြင်နိုင်ရင် နှိုင်းနှိုင်းယှဉ်ယှဉ်..
သုခမိန်ဆိုတဲ့ ဉာဏ်ပညာဖြစ်စေတယ်..
ရသကျတော့ ခံစားပြီး..
ဝတ္ထု၊ ကဗျာ၊ ပြဇာတ် တွေဖတ်ပြီး ကျေနပ်နှစ်ချိုက်တယ် ..ခံစားပြီးတော့
အဲဒါလေးတွေကို စွဲစွဲမြဲမြဲ မှတ်သားမိတယ်.. နှလုံးသားကတစ်ဆင့် ..
ဦးနှောက်အသိ စွဲမြဲတဲ့အသိရတယ်လို့ ဆိုနိုင်တာပေါ့ကွာ..
ရသစာပေတွေ ဖတ်ရင် အသိကြွယ်ရုံတင် မကသေးဘူး..
နှလုံးသားခံစားမှုကိုလည်း.. မျှတစေတယ် နှလုံးသား မျှတရင်..
ရက်စက် ကြမ်းကြုတ်မှုတွေ လျော့နည်းသွားမယ်..
မျှတတဲ့ခံစားမှု ပေါ်လာမယ်.. ကိုယ်ချင်းစာ တတ်လာမယ်..အဲဒါတွေက..
ရသစာပေက ပေးနိုင်တဲ့ စွမ်းရည်တွေပါပဲ.. လူငယ်တွေကို သုတစာပေတွေကို
ဖတ်သလို ရသစာပေတွေကိုလည်း.. ဖတ်စေချင်ပါတယ်ကွ..”
အောင်ထွန်းသည် သူတည်ထောင်ခဲ့သော စာဖတ်ရုံလေးကို သတိရသည်။
သူ စာဖတ်ရုံကို မရောက်ဖြစ်တာကြာလေပြီ။ ဖတ်ခဲ့ရသော စာအုပ်တွေကို လွမ်းဆွတ် လာ၏။
အချိန်လည်း အတော်လင့်သွားလေပြီ။ သူ့လက်ထဲမှ ထမင်းတစ်ပန်းကန်လည်း ကုန်လေပြီ။ ဝက်ခေါင်းသုတ်လည်း ကုန်ပြီ။ ဝက်ခြေထောက် စွတ်ပြုတ်လည်း ကုန်လေပြီ။ သူက ပိုက်ဆံ ထုတ်ပေးသော်လည်း ပေါက်ဖော်ကြီးက မယူ။ ပေါက်ဖော်ကြီးကို နှုတ်ဆက်ပြီး ခြေဦးတည့်ရာ လျှောက်ရင်းနှင့် စာဖတ်ရုံရှေ့ ရောက်သွားသည်။ စာဖတ်ရုံ ဓနိအမိုးသည် ပေါက်ပြဲ စုတ်ပြတ်နေပြီး အသွင်အပြင်သည် စုတ်ခြာနေ၏။ စာဖတ်ရုံ အပြင်ဖက်မှ သော့ခလောက်ကြီးသည် သံချေးတွေပင် တက်နေလေပြီ။
ထိုနေ့သည် ရာသီဥတု သာသာယာယာ ဖြစ်နေ၏။ မင်္ဂလာဒုံ သင်တန်းကျောင်း ရှေ့တွင် စစ်ကားကြီး တစ်စီးရပ်ထားပြီး ထိုစစ်ကားနားတွင် တပ်ကြပ်တစ်ယောက်က အမည်တွေကိုခေါ်ပြီး တပ်သားတွေကို တစ်ယောက်ခြင်းကားပေါ်သို့ တက်စေသည်။ နာရီဝက်ခန့်ကြာတော့ စစ်ကား စထွက်သည်။ မောင်ဆင့်သည် အဝေးတနေရာမှ သူ့ကိုလက်လှမ်းပြနေသည်။ တွေ့ဆုံကြုံကွဲ ဖြစ်မြဲဓမ္မတာဟု သံဝေဂရဖွယ်ဖြစ်သည်။
သူတို့သည် ဤစစ်ရေးလေ့ကျင့်ရေးသင်တန်း၌ တက်ရောက်သင်ကြားကြရပြီး တပ်သားတချို့နှင့် ခင်မင်ရင်းနှီးခဲ့ရသလို တာဝန်ခံတပ်ကြပ်ကြီးများနှင့်လည်း ခင်မင် ရင်းနှီးခဲ့ရသည်။ အထူးသဖြင့် စားဖိုမှူးတပ်သားနှင့် ရင်းနှီးနေကြသည်။ ယခုတော့ ဤသင်တန်းကျောင်းကြီးကို ခွဲရလေပြီ။ အောင်ထွန်းသည် လမ်းအကွေ့နေရာမှ မြင်လိုက်ရသော စခန်းကြီးကို နောက်ဆုံးကြည့်ပြီး မျက်နှာလွှဲလိုက်သည်။
ဘဝဟူသည် မြစ်ပြင်ကျယ်တွင် မျောပါစီးမျောနေသည့် ဗေဒါပင်လေး တစ်ပင် မျှသာပါတကား။ ရှေ့ကို မည်သူတွေနှင့်ကြုံ၍ မည်သို့ခရီးဆက်ရလေဦးမည်မသိ။ နေပူရှိန်သည် တဖြည်းဖြည်းပြင်းလာသည်။ လမ်းဘေး တစ်ဖက်တစ်ချက်မှာရှိသော သရက်ပင်တွေမှာ သရက်သီးကင်းတွေ တွေ့ရသည်။ မကြာမီ နွေရောက်ပေတော့မည်။ သူ့ရင်ထဲတွင်ရှိသော ဒဏ်ရာတွေသည် ကျက်သင့်သလောက်ကျက်ပြီ ဖြစ်သော်လည်း အကင်းတော့ မသေသေးချေ။
တိုက်ဆိုင်မှု တစ်ခုကြုံလာသည့်အခါ သူသည် ငေးငေးငိုင်ငိုင်ဖြစ်သွားတတ်၏။ သူသည် နှင်းပျောက်တဲ့နွေ သီချင်းသံ ကြားသည့်အခါ။ ဆယ်မိုးဆယ်နွေ သီချင်းကို ကြားသည့်အခါ မျက်လုံးအစုံသည် မှုန်မှိုင်းသွားတတ်၏။
စစ်ကားကြီးသည် ဘောက်ထော်ရှိ တပ်ကြပ်ကြီးစာရေး သင်တန်းကျောင်း ဝင်းထဲသို့ ရောက်သွားသည်။ တာဝန်ခံတပ်ကြပ်သည် သူတို့အားလုံးကို ကားပေါ်မှ ဆင်းစေပြီး တန်းစီကာ လူစစ်သည်။
တပ်ကြပ်ကြီးစာရေး သင်တန်းကျောင်း တာဝန်ခံဗိုလ်ကြီးက သူတို့ကို ဩဝါဒ စကားပြောသည်။
“ မင်းတို့အားလုံး ဒီသင်တန်းကျောင်းမှာ ဆက်တက်ရမယ်..
ဒီမှာ အပိုင်းနှစ်ပိုင်းခွဲထားတယ်.. မနက်ပိုင်းမှာတော့ စစ်ပညာတွေသင်ရမယ်..
နေ့လည်စာထမင်းစားပြီးချိန်မှာတော့ စာသင်ခန်းထဲဝင်ရမယ်..
အဲဒီမှာ တပ်မတော်မှာ လုပ်ရမယ့် ရုံးလုပ်ငန်းတွေကို သင်ရမှာဖြစ်တယ်..
အရေးအကြီးဆုံးအချက်ကတော့ မင်းတို့ဟာ ရုံးလုပ်ငန်းတွေကို..
လုပ်ကြရတော့မှာ ဖြစ်ပေမယ့်.. မင်းတို့ဟာ တပ်မတော်သားတွေပဲဆိုတာ..
သိထားရမယ်.. အဲဒီတော့ တပ်မတော်ရဲ့ စည်းကမ်းအတိုင်း ..
မင်းတို့လိုက်နာကြရမယ်.. ကြားကြလား..”
“ ဟုတ်ကဲ့ပါ ဗိုလ်ကြီး..”
စခန်းသို့ရောက်ရှိချိန်သည် နေမြင့်နေပြီ ဖြစ်သဖြင့် သူတို့အားလုံးကို တန်းဖြုတ် ပေးလိုက်ပြီး သက်ဆိုင်ရာ အဆောင်တွေသို့ ပို့လိုက်သည်။ အဆောင်တွေမှာ သင့်တော်သည့်ကုတင်မှာ နားနေကြပြီး ထမင်းစားချိန်မှာ ထမင်းစားဆောင်ထဲမှာ ထမင်း စားကြရသည်။ ဤစခန်း၏ ကျွေးမွေးမှုသည် မင်္ဂလာဒုံ သင်တန်းကျေင်းထက် ပိုကောင်းသည်ဟု သူထင်လိုက်သော်လည်း ထိုအထင်မှားပါသည်။ စစချင်း နေ့မှာသာ အနည်းငယ်ပိုကောင်းသလို ဖြစ်သော်လည်း နောက်နေ့တွေမှာ ပဲဟင်းနှင့် ငါးပိကြော်သာ ဖြစ်သွား၏။
ထမင်းစားသောက်ပြီးသော် စာသင်ခန်းသို့ ဆက်ဝင်ကြရသည်။ သူတို့ သင်ရသော စာတို့သည်စုံလင်လှ၏။ ရုံးစာတို့ကို စနစ်တကျဖိုင်တွဲနည်း။ ဖိုင်စာရင်း ပြုစုနည်း။ စာအမှတ်ထိုးပုံ နည်းစနစ်များ။ ဝင်စာ ထွက်စာများ မှတ်ပုံတင်ခြင်း နည်းစနစ်။ ကန့်သတ်စာ။ လျှို့ဝက်စာ။ ထိပ်တန်းလျှို့ဝှက်စာ ရေးနည်းများ။ ထို့အပြင် လက်နှိပ်စက် ရိုက်နည်းကိုပါ သင်ပေး၏။ ထို သင်ပြပေးသော စာအားလုံးကို တစ်လတစ်ကြိမ် စာမေးပွဲ စစ်သည်။ ပြီးတော့ အမှတ်များကို စုပေါင်းပြီး တပ်စုတစ်ခုနှင့် တစ်ခု အပြိုင်အဆိုင်ပြုလုပ်ပေးသည်။
အမှတ်အများဆုံးရသော တပ်စု၏အလံကို သင်တန်းကျောင်းရှေ့ အလံတိုင်၏ ထိပ်ဆုံးတွင် တင်ပေးပြီး ဘိတ်ချီးရသော တပ်စု၏အလံသည် အောက်ဆုံးတွင် ထားသည်။ သင်တန်းကျောင်းအုပ်ကြီး ဗိုလ်ကြီး ကျော်သိန်းသည် တစ်လတစ်ကြိမ် သင်တန်းသား အားလုံးကို ဩဝါဒစကားပြောကြားပြီး ဘိတ်ချီးရသော တပ်စုကို ဆူပူလေ့ရှိသည်။
ဤတပ်ကြပ်ကြီး စာရေးသင်တန်းကျောင်းသည် မင်္ဂလာဒုံ စစ်ရေးလေ့ကျင့်ရေး သင်တန်းကျောင်းမှာလောက် မပင်ပန်းသော်လည်း ဤကျောင်းမှာက လုပ်စရာ အလုပ်တွေက များလွန်းလှသည်။ စနေ၊တနင်္ဂနွေနေ့များတွင် အောက်ပတ်စ်ရယူပြီး သူသည် ဦးထုပ်နီကြီးဆီ သွားလေ့ရှိသည်။ ဦးထုပ်နီကြီး အိမ်မှာပင် အိပ်၍ သူနှင့်အတူ ထမင်းစားလေ့ ရှိသည်။
“ Numerology အကြောင်း ကျွန်တော့်ကို သင်ပေးပါဦး အစ်ကိုကြီး..”
“ အေးကွ.. ဂဏန်းဗေဒင်မှာ နည်းစနစ်တွေရှိပြီး အဲဒီမှာ
အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ စနစ်တစ်ခုကို ငါပြောပြမယ်..
အဲဒါကို Western Numerology အနောက်တိုင်း ဂဏန်းဗေဒင် လို့ခေါ်တယ်..
အဲဒါကို Pythagorean Numerology ပိုက်သာဂိုရပ် ဂဏန်းပညာလို့လည်း
ခေါ်ကြတယ်ကွ.. ပိုက်သာဂိုးရပ်စ်ကို မင်းသိပြီးသားပါ.. သူက..
ဘီစီ ၅၆၉-၄၇၀ လောက်က ဂရိသင်္ချာပညာရှင်နဲ့အတွေးအခေါ်ပညာရှင်ပဲ..
သူကသိပ်တော်တဲ့ သချ်ာပညာရှင်လဲ ဟုတ်တယ်..
ဂဏန်းဗေဒင်ရဲ့ ဖခင်ကြီးလဲ ဖြစ်တယ်.. ထူးခြားတာ တစ်ခုက ..
ပိုက်သာဂိုးရပ်စ်ဟာ အဲဒီဂဏန်းတွေနဲ့ဂီတအသံတွေ ဆက်နွယ်တာကိုလည်း..
ထုတ်ဖော်ခဲ့တယ်.. ဂီတသံတွေကြားက အသံတွေရဲ့ မတူညီတဲ့
ခြားနားမှုတွေကို သူဖော်ထုတ်ခဲ့လို့ ..
ဒီနေ့ခေတ် ဂီတလမ်းကြောင်းတွေ ပေါ်လာတာပဲ..”
“ ဟုတ်ကဲ့ အစ်ကိုကြီး ကျွန်တော်ပိုက်သာဂိုးရပ်စ်ကို သိပါတယ်..”
“ အေး.. ပိုက်သာဂိုးရပ်စ်ဟာ လူတစ်ယောက်ရဲ့နာမည်နဲ့ ..
မွေးသက္ကရာဇ်ကို အသုံးပြုပြီး အဲဒီလူဟာ ဘယ်လိုလူစားဆိုတာ ..
အကြမ်းအားဖြင့် ပြောနိုင်တဲ့နည်းလမ်းကို ရှာဖွေခဲ့တယ်.. အဲဒီအချက်တွေက..
အဲဒီလူရဲ့ ကိုယ်ရည်ကိုယ်သွေးကို မှန်းဆဟောတာဖြစ်ပေမယ့် ..
အံ့ဩစရာကောင်းအောင် မှန်နေတယ်..”
“ သူ့နည်းလမ်းကို ပြောပြပါ အစ်ကိုကြီး အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်..”
“ ဒီလိုကွ.. လူတစ်ယောက်မှာ နာမည်ဆိုတာ အရေးကြီးတယ်..
ပိုက်သာဂိုးရပ်ကတော့ မွေးစာရင်းမှာ ရေးထားတဲ့ နာမည်ကို အခြေခံတယ်..
ပြီးတော့ အဲဒီကနာမည် အပြည့်အစုံကို သူက သုံးတယ်..
ဒါပေမယ့် စနစ်ကျတယ်ကွ.. ဘာသာစကားတစ်ခုနဲ့ ဂဏန်းတွေ ဆက်စပ်ပုံကို
သူက စနစ်တကျလေ့လာပြီးမှ သီအိုရီထုတ်ခဲ့တာ.. အက္ခရာဆိုတာ ..
မင်းသိမှာပေါ့.. အေ ဘီ စီ ဒီဆိုတာ အက္ခရာတွေပဲ.. နံပါတ်တွေကတော့
ကိန်းဂဏန်းပဲ.. အဲဒီတော့သူက အက္ခရာတစ်ခုစီကိုနံပါတ် ၁ ကနေ ..
ကိုး အထိသတ်မှတ်ထားတယ်.. နံပါတ်တွေကို လက်တင်အက္ခရာတွေကို..
ဒီလို ဆက်စပ်လိုက်တယ်ကွ..”
1 = a, j, s,
2 = b, k, t,
3 = c, l, u,
4 = d, m, v,
5 = e, n, w,
6 = f, o, x,
7 = g, p, y,
8 = h, q, z,
9 = i, r,
ဦးထုပ်နီက အောင်ထွန်းနားလည်အောင် စာရွက်ပေါ်မှာ အထက်ပါအတိုင်း ဆက်စပ်မှုတွေကို ချရေးလိုက်သည်။
“ ဒါက ဘာမှတော့ ကျက်ပြီး မှတ်စရာမလိုပါဘူးကွာ.. ပထမဆုံး abcd ကို
i အထိ ကိုးလုံးထောင်လိုက်ချရေးလိုက်.. ပြီးရင်ကိုးလုံးနေရာက i အတိုင်း
နံပါတ်1 နေရာမှာ j လို့ရေးပြီး အဲဒီအစီအစဉ်အတိုင်း ဆက်ရေးသွား..
နံပါတ် 9 နေရာမှာ r ရောက်သွားရော မဟုတ်လား.. အဲဒီတော့မှ
နံပါတ် 1 နေရာမှ s ကို အစဉ်အတိုင်း ဆက်ရေးသွားတာပဲ.. ဒီတော့
a,j,s ဆိုတဲ့ အက္ခရာသုံးလုံးဟာ 1 ဂဏန်းကို ကိုယ်စားပြုတာပေါ့ကွာ..”
ဦးထုပ်နီက ဆက်ပြောပြန်သည်။
“ အဲဒီမှာ. ခရစ်တော် နံပါတ်ဆိုတာ မင်းကြားဖူးလား.. အဲဒါက ..
888 ရှစ်သုံးလုံးတွဲ ဂဏန်းကွ.. ဂျီးဆပ်စ်က အဲဒီ သုံးလုံးတွဲ ဂဏန်းကို ..
ပျော်ရွှင်စရာကောင်းတဲ့ ဂဏန်းအဖြစ် လူသားတွေကို ပေးခဲ့တယ်..
အဲဒီမှာ ထူးခြားချက်တွေကတော့ အဲဒီဂဏန်းသုံးလုံးကို စတုရန်းတွေကို..
ထပ်ခါတလဲလဲပေါင်းတာက ၁ ကိုရစေတယ်.. စတုရန်းဆိုတာက
မင်းသိတယ် မဟုတ်လား.. ၂ထပ်ကိန်းတင်တာကို ပြောတာ .. ဒီမှာကြည့်..”
888 64 + 64 + 64 = 192 1 + 81 + 4 = 86 64 + 36 = 100 1
“ ထူးဆန်းတာ တစ်ခုက အဲဒီ ရှစ်ဂဏန်းကို တရုတ်တွေကလည်း
ကံကောင်း စေတဲ့ ဂဏန်းအဖြစ်လက်ခံကြတယ်ကွ..
( ယခုအချိန်တွင် 8 ဂဏန်းသည် ဒစ်ဂျစ်တယ်စနစ်တွင် ဖော်ပြသည့် အခြေခံ ရေးသားမှုအဖြစ် ပေါ်ပေါက်လာခဲ့သည်။ 8 ဂဏန်းသည် 0 မှ 9 အထိ ကိန်းအားလုံးကို ရေးသားနိုင်သည့် အကွက်အဖြစ် ဒစ်ဂျစ်တယ်စနစ်တွင် အခြေခံခဲ့သည် )
ပြီးတော့ အဲဒီ 888 သုံးလုံးကို သုံးထပ်ကိန်း တင်လိုက်ရင် ..
ဂဏန်းတစ်ခုကို သုံးခါဖြစ်ပေါ်စေတယ်..”
888 x 888 x 888 ( 8883))= 700227072
“ အဲဒီမှာ အဖြေက 700227072 ဖြစ်နေတယ်.. အဲဒါကိုကြည့်ရင် 7 သုံးခါ
0 သုံးခါ 2 သုံးခါ ပါနေတယ်.. နောက်ထပ် ထူးခြားတာတွေလဲ ရှိသေးတယ်..
ဒါပေမယ့် အဲဒါတွေက သင်္ချာ ဘာသာနဲ့ သွားဆိုင်လို့မပြောတော့ဘူး..
အဲဒီ 888 ဂဏန်းကို အလုပ်သမားလှုပ်ရှားမှု.. ဆန္ဒပြမှုတွေမှာ ..
သင်္ကေတအနေနဲ့သတ်မှတ်တယ်.. လူတစ်ယောက်ဟာ..
ရှစ်နာရီ အလုပ်လုပ်မယ်.. ရှစ်နာရီနားမယ်.. ၈နာရီ အိပ်မယ်..
အဲဒီလို ၂၄နာရီကို ပိုင်းခြားကြတယ်..”
“တရုတ်ဂဏန်းသင်္ချာမှာတော့ ၈၈၈ က အဓိပ္ပါယ်နည်းနည်း ..
ကွဲသွားပေမယ့် သုံးဆကိန်း ၈၈၈ ပါတဲ့လိပ်စာတွေနဲ့ ဖုန်းနံပါတ်တွေက
ကံကောင်းစေနိုင်တယ်လို့ လက်ခံကြတယ်..”
“ ဒီနေ့ခေတ် ဂဏန်းဗေဒင် မှာတော့ Numerology ၂၀ ရာစုအစမှာ..
မစ္စတာ ရုသ်ဒရေးယာရဲ့ Numerology စာအုပ်က သိပ်ကောင်းတယ်..
အယ်လ်ဒိုဒီဘဲလတ်ဆိုတဲ့ လူကလဲ ပိုက်သာဂိုးရပ်စ်ရဲ့ ကိန်းဂဏန်းတွေကို ..
လက်တွေ့လေ့လာမှုတွေနဲ့ တင်ပြခဲ့တယ်..”
၁၅ ရာစုဥရောပ၏ “Geber” ပုံတူ
သူသည် ဓာတုဗေဒပညာ၏ ဖခင်ကြီးတစ်ဦးဖြစ်ပြီး နက္ခတ်ဗေဒင်၊ ဂဏန်း ဗေဒင်၊ ဆေးပညာ၊ မှော်အတတ်၊ ဂမ္ဘီရပညာများနှင့် အတွေးအခေါ် ပညာရှင်လည်း ဖြစ်သည်။
ဦးထုပ်နီကြီးသည် အိမ်ခန်းထဲ ခဏဝင်သွားပြီး ပြန်ထွက်လာသောအခါ ဖဲချပ် လေးများ ပါဝင်သော အထုပ်တစ်ထုပ်ကို ယူလာပြီး အောင်ထွန်းကို ပြသည်။
“ အဲဒါ တားရော့လို့ ခေါ်တယ်ကွ.. ဂမ္ဘီရပညာမှာ အဲဒါကလည်း ..
အဓိကပါတယ် တားရော့ပညာရပ်ဟာ လွန်ခဲ့တဲ့..
နှစ်ပေါင်းသုံးရာကျော်လောက် (၁၈)ရာစုလောက်က ပေါ်လာတာ..
အဲဒါက.. ဟီဘရူး၊ ဟေဗြဟေသလမျိုးနွယ်ဝင်.. ဂျစ်ပစီတွေဆီက ..
ဆင်းသက်လာတယ်.. ဘာဖြစ်လို့လဲ ဆိုတော့..
ဟီဘရူး အက္ခရာ ၂၂ လုံးကို အခြေခံထားလို့ပဲကွ..”
အောင်ထွန်းသည် သူတစ်ခါမှ မမြင်ဖူးသော ဖဲချပ်လေးတွေကိုတစ်ချပ်ခြင်း ယူကြည့်နေသည်။
“တားရော့မှာ ထူးခြားတာက ဟီဘရူးတွေရဲ့ ကဗလာဆိုတဲ့
ရှေ့ဖြစ်ဟောနည်း ပညာရပ်ကြီးကို အဲဒီမှာထည့်ပေါင်းထားတာပဲ..
Tar- လမ်း ၊ Rot- ရွှေနန်းတော်လို့ အဓိပ္ပါယ်ရတယ်..
Tarot- ရွှေနန်းတော်သို့ သွားရာ လမ်းလို့ ခေါ်နိုင်တာပေါ့ကွာ.. မင့်ကို..
အဲဒီ တားရော့ကဒ်တွေအသုံးပြုပုံပြုနည်းအကြောင်းလည်း သင်ပေးရဦးမယ်..
အခုလောလောဆယ်တော့ ထမင်းစားချိန်ရောက်နေလို့..
ထမင်းထွက်စားကြရအောင်..”
သူတို့နှစ်ယောက်သည် အိမ်တံခါးပိတ်ခဲ့ကြပြီး လမ်းထိပ်သို့ရောက်ခဲ့ကြ၏။
“ ချစ်တီးထမင်းစားရင်ကောင်းမလား.. ဒါပေမယ့် ပဲဟင်းပါနေတော့ ..
တပ်ကို မင်းပြန်သတိရနေဦးမယ်..”
“ ချစ်တီးပဲဟင်းက တပ်မတော်ပဲဟင်းနဲ့ မတူဘူးဗျ..
ဆိတ်သားနဲ့နှိပ်ကြမယ်ဗျာ.. ဒီတခါတော့ ကျွန်တော်ကျွေးပါ့မယ်..”
“ မင်းက ငါ့ဆီလာတာ.. ငါ့ဧည့်သည်ပဲ.. ဒီတော့ ငါကျွေးမယ်..”
“ အင်း.. အစ်ကိုကြီးကို ကျွန်တော်ကျွေးဖို့ခက်နေပြီ.. ဒီတော့ ဒီလိုလုပ်ဗျာ..
အစ်ကိုကြီး ကျွန်တော့်ဆီ ဧည့်သည်လာလုပ်..
အဲဒီမှာ တပ်မတော်ပဲဟင်းကျွေးမယ်..”
သူတို့နှစ်ယောက်ရယ်ကြ၏။
အပိုင်း (၂၀) ဆက်ရန်....
ဆရာ Awza ရေးသားထားသော "ကမ္ဘာမြေပေါ်သို့ အလည်ရောက်ခဲ့သော မင်းသိင်္ခ " စာအုပ်မှ တင်ပြခြင်းဖြစ်ပါသည်။