မမေ့နိုင်သော ဆီမန်းဂါထာ

ကျွန်ုပ်၏ ငယ်ဆရာ ရှိခဲ့ဖူး၏။ ထိုဆရာ၏ အမည်မှာ ဦးဖေသော် ဟူ၍ဖြစ်၏။ ကျွန်ုပ်သည် ဆရာအိမ်၌ နေ၍ ဆရာအိမ်၌ စားကာ ကျောင်းတက်ခဲ့ရသည်။ ဆရာသည် ကျွန်ုပ်တို့အား သင်္ချာပြသော ဆရာဖြစ်၏။ သင်္ချာဟု ဆိုသော် လည်း အင်္ဂလိပ်စာ ပြလည်း အလွန်ကောင်း၏။ ထိုဆရာ ဦးဖေသော်သည် ကျောင်းဆရာ အလုပ်ကို မလုပ်မီ၌ ထောင်မှူးကြီး အလုပ်ကို နှစ်ပေါင်းများစွာ လုပ်ခဲ့၏။ ဆရာ၏အိမ်၌ ဒေါ်ထွေး ဟုဆိုသော ထမင်းချက်သည့် မိန်းမကြီး တစ်ဦးရှိ၏။


ဆရာသည် ထိုအချိန်က အသက်လေးဆယ်ခန့် ရှိပြီဖြစ်၏။ ဒေါ်ထွေးမှာ ဆရာ၏ မိခင် အရွယ်ပင် ဖြစ်၏။ ဒေါ်ထွေး သည် ဆရာအား သခင်ဟု ခေါ်၏။ ကျွန်ုပ်သည် အစပထမ၌ ထိုသို့ခေါ်ခြင်းကို မနှစ်သက်သော်လည်း မည်သည့် အတွက်ကြောင့် ခေါ်သည်ကို မမေးမိခဲ့ပါ။ နောင်တွင် ကျွန်ုပ်သည် ထိုဒေါ်ထွေးနှင့် ရင်းနှီး လာသောအခါမှ သိရသည်မှာ ဒေါ်ထွေးသည် ထောင်ကျခဲ့သည် ဆိုသည်။

ဒေါ်ထွေး ထောင်ကျသော အခါ၌ ကျွန်ုပ်၏ ဆရာသည် ထောင်မှူးကြီး ဖြစ်၏။ ၎င်းတို့ နှစ်ဦးသည် အကျဉ်းသူနှင့် ထောင်မှူးအဖြစ် စတင် သိကျွမ်းခဲ့ရာမှ တစ်ဦးနှင့်တစ်ဦး သားအမိကဲ့သို့ သံယောဇဉ် ဖြစ်ခဲ့ကြသည် ဆိုသည်။ဆရာသည် ထောင်မှူးကြီး အဖြစ်မှ နှုတ်ထွက်၍ ကျောင်းဆရာ ဖြစ်လာသော အခါ၌ ဒေါ်ထွေးလည်း ထောင်မှ လွတ်ခဲ့၏။


သို့ရာတွင် ဒေါ်ထွေးသည် အခြား တစ်ပါသို့ မသွားဘဲ ဆရာထံသို့ စုံစမ်းကာ လိုက်လာသည်။ဆရာ၏ ဇနီးလည်း ဒေါ်ထွေးကို လွန်စွာ ချစ်ခင်သည်။ ကျွန်ုပ်ကဲ့သို့ ဆရာအိမ်တွင် နေသော အခြား ကျောင်းသားများလည်း ရှိသေး၏။ ၎င်းတို့ကရော ကျွန်ုပ်ကပါ ဒေါ်ထွေးအား ချစ်စနိုး အထွေးဟုပင် ခေါ်ကြသည်။ ဒေါ်ထွေး သို့မဟုတ် အထွေးသည် ကျွန်ုပ်တို့ နှင့်လည်း လွန်စွာ သင့်မြတ်သည်။


ကျွန်ုပ်တို့က ညဉ့်နက်သန်းခေါင် ရောက်၍ ဆာသည်ဆိုလျှင် အထွေး သည် ချက်ချင်းပင် အထွေးသည် မီးမွှေး၍ ထမင်းကြော် ကြော်ပေးသည် ရေနွေး တည်ပေးသည်။ အထွေးသည် ကျွန်ုပ်တို့ ကျောင်းသားများက ဘာလိုသလဲ။ ဘာဝယ်ခဲ့ရမလဲ ဟု မေးသော အခါ၌ ” ငါ့အတွက်တော့ ပေါ့ကြုံကွေ့ ဆေးနဲ့ အုန်းဆီပဲ ဝယ်ခဲ့ကြပါကွယ်တို့ ” ဟုပြောလေ့ရှိသည်။


ထို့ကြောင့် ကျွန်ုပ်တို့သည် အထွေးအတွက် ပေါ့ကြုံကွေ့ဆေးနှင့် အုန်းဆီကို လက်ဆောင်အဖြစ် သတ်မှတ်ကာ မကြာခဏ ပေးကြလေသည်။ ဒေါ်ထွေးသည် မကြာခဏ ဗိုက်အောင့် တတ်သောကြောင့် ပေါ့ကြုံကွေ့ဆေးကို အမြ ဲဆောင်ထားသည်။ အောင့်သည်နှင့် သောက်ချတတ်၏။

ဒေါ်ထွေးသည် အစဉ်သဖြင့် သန့်သန့်ရှင်းရှင်း နေတတ် သည်။ ခေါင်းကိုလည်း မကြာခဏ လျှော်သည်။ လျှော်ပြီးလျှင်လည်း ဆီထည့်သည်။ တစ်ခုထူးခြား သည်မှာ ခေါင်းကို အုန်းဆီ ထည့်ကာနီး၌ ဆီပုလင်းကို ပါးစပ်နှင့် တေ့ကာ ပါးစပ် တစ်လှုပ်လှုပ် လုပ်နေတတ်သည်။ တစ်နေ့တွင် ကျွန်ုပ်က

"အထွေး ဘာတွေ လုပ်နေတာလဲ။ ခင်ဗျား ဘယ်သူကို ပြုစားနေတာလဲ“
ဟုနောက်လိုက်ရာ ဒေါ်ထွေးက လူကြားမကောင်း သူကြားမကောင်းအောင် မပြောစမ်းပါနဲ့ဟယ်။ ထောင်ကျမယ့် ကောင်လေး“ဟု ကျွန်ုပ်ကို ကျိန်ဆဲလေသည်။

ထို့ကြောင့် ကျွန်ုပ်က
“အလကား ကျီစားတာပါ။ ဘာတွေ မန်းနေတာလဲ။
ကျွန်တော်ကိုလည်း ပြောဦးလေ“ဟုမေးရာ ဒေါ်ထွေးက
ငါ ငယ်တုန်းက သခင်တို့ထောင်မှာ ဓားထိုးမှုနဲ့ ထောင်ငါးနှစ်ကျဖူးတယ်။ အဲဒီတုန်းက ငါဟာ မော်လမြိုင်ဘက်ကနေ လူသတ်မှုနဲ့ ထောင်ကျလာတဲ့ မမြလေးဆိုတဲ့ မိန်းမနဲ့အတူ နေရတယ်။ အဲဒီ မမြလေးဆိုတဲ့ မိန်းမ အကြောင်းကတော့ မပြောပါနဲ့တော့။

ချောလိုက်တာလည်း ဆက်ဆက်ကို ယိုနေတာပဲ။ ကုလားစကား ပသျှူးစကား အင်္ဂလိပ် စကား သူအကုန် တတ်တယ်။ ပြီးတော့ အသတ်အပုတ် ကလည်း အားကြီး ကျွမ်းကျင်တယ်။ ငှက်ပြောပင်မှာ မတ်စေ့လောက် ထုံးနဲ့ ကွင်းပေး ထားတယ်။ အဲဒါကို ဝါးတစ်ရိုက်လောက် ကနေ ဆံထိုးနဲ့ စိုက်အောင် ပစ်နိုင်တယ်။


သူ့ကို တစ်ထောင်လုံးက ချစ်လိုက်ကြတာ မပြောနဲ့တော့။ လူချစ်လူခင်ကလည်း အားကြီးပေါတဲ့ မိန်းမ။ စကား ပြောလည်း အလွန်ကောင်းတယ်။ ထောင်ငါးနှစ်ကျတာ သူနဲ့နေရတာ ငါးရက်လောက်ပဲ အောင့်မေ့ရတယ်။ ငါတို့ အကျဉ်းသူတွေ ပျင်းရင် သူက ပုံတိုပတ်စ ၊ ရာမ၊ အီနောင် မကျန်အောင် ပြောပြတတ်တယ်။ ညည နင်တို့ကို ငါ ပြောပြတတ်တဲ့ ပုံတွေဟာ သူ့ဆီကရတာ။

သတ္တိလဲ ဘာကောင်းသလဲ မမေးနဲ့။ သူ့ကို မျက်နှာဖြူ ထောင်ပိုင်က ရေချိုးခွင့် တစ်ရက်ပိတ်ထားတာ ။ သူက ထောင်ပိုင်ကို အင်္ဂလိပ်လို ဆဲပြီး ရေချိုးခွင့် တောင်းတယ်။
ထောင်မှူးတွေဆိုတာ အကုန်လက်ဖျား ခါတော့တာပဲ။ သူတစ်ပါး အလိုက်သိတဲ့ နေရာမှာလည်း နှစ်ယောက် မရှိဘူး။ တစ်ခါက ငါရယ် အပုဆိုတဲ့ မိန်းမရယ် ပျင်းတယ်ဆိုတော့ သီချင်းဆိုပြီး ကပြတာ။ အက ကလည်း ကောင်းလိုက်တာ မပြောပါနဲ့တော့။


အဲဒီ မိန်းမက ပီယသိဒ္ဓိများ ပြီးနေသလား မသိတော့ဘူး။ မြင်မြင်သမျှ လူ တွေကသူ့ကို အကုန်ချစ်တယ်။ အဲဒါနဲပဲ ငါက သူ့ကို မြင်သူတိုင်း ချစ်စေတဲ့ ပီယဆေးလေး ပေးပါဆိုတော့ သူက ငါ့ကို ဆီမန်း မန်းတဲ့နည်း ပေးသွားတယ်။ ငါတို့ ထောင်ကျတုန်းက တစ်ပတ်ကို အုန်းဆီနှစ်ဇွန်း ပေးတယ်။ အဲဒါကို မန်းပြီး ဆံပင်ကို လူးတော့တာပဲ။ အခု ငါမန်းနေတာ သူ့ဆီကရတဲ့ လူချစ်လူခင်ပေါတဲ့ ဂါထာ။
ဟုဆိုကာ ကျွန်ုပ်အား အောက်ပါ အတိုင်း ရွက်ဆို ပြလိုက်လေတော့သည်။

ဣမေ သီသေဟိ သမ္ဗုဒ္ဓေါ
အယံ လောကော သဗ္ဗဓမ္မော။
သာရိပုတ္တော မယှံ ဇိဝှေါ မေဂ္ဂလာနော
ဒွေ စက္ခုနေ တိဋ္ဌတု သဗ္ဗဒါ။

(အုန်းဆီလိမ်းတိုင်း ဒီဂါထာရွတ်ပါ..။)

ကျွန်ုပ်လည်း ဒေါ်ထွေးထံမှ ထိုမန္တာန်ကို အလွတ်သင်ယူ ထားလိုက်လေသည်။ ဒေါ်ထွေး ပြောပြချက်အရ` ၎င်းမမြလေးသည် အငြိမ့်မင်းသမီး ဖြစ်ခဲ့ဖူးသည်ဆိုသည်။ ထိုဆီမန်းကို လိမ်း၍ အငြိမ့်ထွက်သော အခါ၌ ပရိသတ်၏ သြဘာပေးခြင်းကို ထူးထူးခြားခြား ရရှိသည်ဆိုသည်။ ဒေါ်ထွေးသည် အထူး ယုံကြည်သည်။ ထို့ကြောင့် အုန်းဆီလိမ်းတိုင်း ထိုဂါထာကို ရွတ်၍ လိမ်းလေသည်။ အနက် အဓိပ္ပါယ်ကို ကျွန်ုပ်က မေးသောအခါ
" ဒေါ်ထွေးကငါ့ကို အနက်တွေ အဖြူတွေ လာမပြောနဲ့။ ငါ မသိဘူး။"
ဟု ပြောသည်။

ကျွန်ုပ်သည် ဒေါ်ထွေးနှင့် မတွေ့ တော့သည်မှာ ရာစုနှစ်၏ ထက်ဝက်နီးပါး ရှိသွားပြီဖြစ်သည်။ သို့ရာ တွင် ဒေါ်ထွေး ပေးခဲ့သော လူချစ် လူခင် များစေသော ဂါထာကလေးကို ရနေဆဲဖြစ်သည်။ထို့ကြောင့် ပီယသိဒ္ဓိဂါ ထာကို စိတ်ဝင်စားသူများ အတွက် ရေးသား ဖော်ပြရလိုက်ပေတော့သတည်း။

အဘဆရာကြီးမင်းသိင်္ခ၏ မနောမယလက်ဆောင်ပေါင်းချုပ်စာအုပ်မှ ကောက်နုတ်တင်ပြအပ်ပါသည်။