မြေကမ္ဘာသို့ အလည်ရောက်လာခဲ့သော မင်းသိင်္ခ အပိုင်း (၁၇)

ထိုညက အောင်ထွန်းတစ်ယောက် ဦးထုပ်နီကြီးဆီသို့ ရောက်သွားပြန်သည်။ မှောင်နေပြီ ဖြစ်သော်လည်း ဦးထုပ်နီက မီးမထွန်းထားချေ။ ခြံတံခါးကို သူတွန်းဖွင့်ပြီး အထဲဝင်သွားသောအခါ အထဲက တယောသံသဲ့သဲ့ကို ကြားရသည်။ သီချင်းကို လေ့ကျင့် တီးခတ်နေသည်နှင့်မတူဘဲ ရင်ထဲက အလွမ်းကို ဖော်ထုတ်ပြနေသည်နှင့် တူနေ၏။

အိမ်ထဲသို့ရောက်သောအခါ ဦးထုပ်နီကြီးက ထုံးစံအတိုင်းပင် ပက်လက် ကုလားထိုင်မှာ ထိုင်နေပြီး သူ့မေးစေ့တွင် တယောပြားလေးကို ညှပ်ထားပြီး လွမ်းဆွတ် ဖွယ်ကောင်းသည့် တေးသွားတစ်ခုကို ဖော်ကျူးနေ၏။ အသံသည် ခပ်တိုးတိုး ဖြစ်သော်လည်း ကြေကွဲဖွယ်တေးသံ ဖြစ်နေသည်။

“ ထိုင်ကွာ.. မင်းလာမယ်ဆိုတာ သိနေလို့ငါ အရက်နဲ့
အမြည်းတွေကိုတောင် ကြိုဝယ်ထားတယ်..”
“ ကျွန်တော်လာမှာကို ဘယ်လိုကြိုသိနေတာလဲ..”
ဦးထုပ်နီကြီးသည် တယောပြားလေးကို မေးစေ့မှ ခွာလိုက်သည်။

“ ဒီလိုကွ.. မင်းမှာ ရင်ဖွင့်စရာဆိုလို့ငါတစ်ယောက်ပဲရှိတယ်..
မင့်သူငယ်ချင်းတွေကြားမှာ မင်းရင်ဖွင့်ဖို့ကလည်း မင်းရှက်နေတယ်..
ငါ့ကျတော့ မင်းဘာမှရှက်နေစရာမလိုဘူး.. ပြီးတော့ ..
မင့်လိုပဲ ငါလည်း အသည်းကွဲဘူးတဲ့ကောင်ဆိုတော့..
မင်းအတွက်အကြံပေးနိုင်တယ်..နောက်တစ်ချက်က
သီချင်းတွေဆိုပြီး လွမ်းနိုင်တာလဲပါတာပေါ့ကွာ.,.”

“ ဟုတ်တယ်အစ်ကိုကြီးရ.. သီချင်းတွေဆိုပြီးတော့ လွမ်းရတာ တစ်မျိုးပဲ..”
“ အဲဒါကြောင့်လည်း ဂီတဆိုတာ ဖြစ်လာတာပေါ့ကွာ.. လူတွေဟာ
ပျော်ရင်လည်း သီချင်းဆိုကြတယ်.. လွမ်းရင်လည်း သီချင်းဆိုကြတယ်..
ငါ့အထင်ပြောရရင် အလွမ်းသီချင်းကတောင် ပိုများလိမ့်မယ် ထင်တယ်..”

“ အစ်ကိုကြီး စောစောက ထိုးနေတာ မြန်မာသီချင်းမဟုတ်ဘူးထင်တယ်..
နားထောင်လို့တော့ကောင်းပေမယ့် မြန်မာအလွမ်းပုံစံမျိုးမဟုတ်ဘူး..
အသံလည်း နည်းနည်းဆန်းတယ်..”

“ အင်း.. ဒီသီချင်းက စပိန်သီချင်းကွ.. ပေါ်တာလည်းကြာပြီ..
ဒါပေမယ့်လွမ်းစရာကောင်းတယ်.. စာသားတွေနားမလည်ဘဲနဲ့ကို
သံစဉ်က လွမ်းစရာကောင်းနေတာ..”

“ အစ်ကိုကြီး တယောထိုးတာ သိပ်ကောင်းတယ်ဗျာ..
ပြီးတော့ တယောသာ ထိုးတတ်သွားရင် လွမ်းလို့သိပ်ကောင်းမှာ..”

“ အတီးသမားတိုင်းဟာ အလွမ်းဓာတ်ခံမရှိကြဘူးကွ..
ဒါပေမယ့် အလွမ်းဓာတ်ခံရှိတဲ့ အတီးသမားလက်သံဆိုရင်..
ဘာတီးတီး လွမ်းစရာကောင်းတယ်ကွ.. ငါက
တယောကို နည်းနည်းပါးပါးပဲ ထိုးတတ်တာပဲါကွာ..
ငါ့ထက်တော်တဲ့ ကျွမ်းတဲ့လူတွေအများကြီးပါ..
ငါက လွမ်းကောင်းရုံလေး တယောထိုးနေတာ..”

“ ကျွန်တော့်ကိုလည်း တယောသင်ပေးပါလား အစ်ကိုကြီး..
ကျွန်တော်လည်း တယောထိုးရင်း လွမ်းချင်လို့..”

“ ကောင်းတယ်ကွ.. တကယ်က ယောကျ်ားဆိုတာ လွမ်းတော့လွမ်းပေါ့ကွာ..
ဒါပေမယ့် မျက်ရည်တွေ ဘာတွေကျအောင်တော့ လွမ်းခွင့်မရှိဘူးကွ..
အဲဒီလိုမျက်ရည်တွေကျပြီး လွမ်းရမှာက မိန်းမတွေပဲ..
သူတို့ကလွမ်းတဲ့အခါ မျက်ရည်ကျပြီး လွမ်းခွင့်ရှိတယ်..
တို့ကျတော့ လွမ်းရင် ကြိတ်မှိတ်ခံစား.. ဒါပဲ.. အဲဒီတော့ ကြိတ်မှိတ်မခံစားနိုင်တော့
တူရိယာ တစ်ခုခုနဲ့လွမ်းရတယ်ကွ.. လူမသိ သူမသိ လွမ်းနေတာပေါ့ကွာ..
သူ့သီချင်းသံက သူများကိုလည်း လွမ်းစေတယ်..
သူကိုယ်တိုင်လည်း လွမ်းနေတယ်..”

“ ကျွန်တော် မျက်ရည်ကျတာကတော့ တမင်ကျတာမဟုတ်ပါဘူး..
အစ်ကိုကြီးရာ.. ဘယ်လိုထိန်းထိန်း မရလို့ မျက်ရည်တွေ ကျမိတာပါ..”
“ နောက်မကျနဲ့တော့ပေါ့ကွာ..”

“ ကျွန်တော် လူမသိသူမသိ လွမ်းချင်လို့
ကျွန်တော့်ကို တယော သင်ပေးပါအစ်ကိုကြီး..”
“ မင့် လက်ဝါးဖြန့်လိုက်စမ်း.. နှစ်ဖက်စလုံးဖြန့်..”
အောင်ထွန်းက သူ့လက်ဖဝါးနှစ်ဖက်ကို ဖြန့်ပြလိုက်သည်။ ဦးထုပ်နီကြီးက လက်ဖဝါးနှစ်ဖက်ကို သေသေချာချာ ကြည့်သည်။

“ နေဦးကွ.. မီးချောင်း ထဖွင့်လိုက်စမ်းကွာ.. သိပ်မမြင်ရဘူး..”
အောင်ထွန်းမီးချောင်း ထဖွင့်လိုက်သဖြင့် အိမ်ထဲမှာ ပီပီသသလင်းလာ၏။

“ အင်း.. မင်းက ဂီတသမားတစ်ယောက် တော့မဖြစ်နိုင်ဘူးကွ..
မင့်မှာ ဂီတပါရမီတော့ ပါပေမယ့်.. မင့်မှာ တစ်ခြား လုပ်စရာတွေရှိသေးတယ်..
အဲဒီတော့ အပျော်တမ်း အနေနဲ့ပဲ တယောကိုထိုး..”

“ ဘာဖြစ်လို့လည်း အစ်ကိုကြီး.. ကျွန်တော့်လက်က ..
တယောထိုးဖို့အဆင်မပြေလို့လား..ဥပမာပေါ့ဗျာ..
တိုနေတာတို့.. ရှည်နေတာတို့..”

“ မဟုတ်ဘူးကွ.. မင့်လက်က အနေတော်ပဲ.. လက်ချောင်းတွေဟာ ..
တိုလည်း တိုမနေဘူး.. ပြီးတော့ အနုပညာသမား စစ်စစ်တွေလို ..
ရှည်ရှည်သွယ်သွယ်လည်း မဟုတ်ဘူး.. မင်းက အလုပ်တစ်ခုကို
စောက်ချပြီး လုပ်မယ့်လူ.. နောက်မဆုတ်တမ်းလုပ်မယ့်သူ ပြီးတော့ မင်းဟာ..
ဂမ္ဘီရပညာတွေကိုလည်း အောင်မြင်လိမ့်မယ်.. မင်းဟာ..
ဂီတသမား ဖြစ်အောင်လုပ်ရင်လည်း ဖြစ်နိုင်တယ်..
ဒါပေမယ့် ဂီတသမားက လူဆယ်ယောက်မှာ ..
တစ်ယောက်တော့ ဖြစ်နိုင်သေးတယ်..
ဂမ္ဘီရ ပညာရှင်ကတော့ လူတစ်ရာမှာ တစ်ယောက် မဖြစ်နိုင်ဘူး..”
ပထမတစ်ကြိမ်တုန်းကလည်း ထိုဂမ္ဘီရဆိုသည့် စကားလုံးကို ကြားခဲ့ဖူး၏။ ယခုလည်း ထိုစကားလုံးကို ထပ်ကြားရပြန်သည်။ အောင်ထွန်း၏ နှလုံးသားထဲတွင် ထိုဂမ္ဘီရဆိုသော စကားလုံးသည် ဒုတိယမြောက် တိုးဝင်သွားပြန်၏။

“ ဒီတော့ ငါအကောင်းဆုံးအကြံပေးမယ်..
မင်းလွမ်းချင်တယ်ဆိုရင် တယောကို အပျော်တမ်းထိုးပါ..”
“ ကောင်းတယ် အစ်ကိုကြီး.. ကျွန်တော်လည်း ..
အစ်ကိုကြီးလိုပဲ အပျော်တမ်း တယောထိုးမယ်..”
“ ဒီလိုကွ.. တယောပဲထိုးထိုး.. တခြား တူရိယာ တစ်ခုခုပဲတီးတီး..
သီချင်းပဲဆိုဆို ဂီတနဲ့ပတ်သက်တာလေးတွေတော့ သိထားသင့်တယ်ကွ..”

“ ဟုတ်ကဲ့ အစ်ကိုကြီး.. ကျွန်တော်သိချင်ပါတယ်..”
“ အနောက်တိုင်းအသံမှာ ခုနစ်သံရှိတယ်ကွ.. တို့မြန်မာမှာလည်း ခုနစ်မျိုးပဲ..
ဒါပေမယ့် အသံခြင်းမတူဘူး.. တစ်သံနဲ့တစ်သံ မတူကြဘူး..
အနိမ့်အမြင့်တွေ ဖြစ်နေကြတယ်.. အဲဒီလိုမတူတဲ့အသံတွေကို
အကြီးအသေး၊ အကျအတက်၊ အောက်၊ အထက် ဆိုပြီး ခေါ်ကြတယ်..
အသံတစ်သံကို ၁ လို့သတ်မှတ်လိုက်ရင် အဲဒီ ‘၁’ သံ ကနေ
ဘယ်ဖက်ကိုပြန်လိုက်ရင် ၁-၂-၃-၄-၅-၆-ရ-၁ လို့သတ်မှတ်တယ်..ပြီးတော့
အဲဒီ ‘၁’သံကနေညာဖက်ကို ဆန်လိုက်ရင် ၁-ရ-၆-၅-၄-၃-၂-၁ လို့ ..
သတ်မှတ်တယ်.. အဓိကကတော့..
အနောက်သံစဉ်နဲ့ မြန်မာသံစဉ်မတူတဲ့ အချက်ကအဲဒါပဲ..”
အောင်ထွန်းသည် ဦးထုပ်နီကြီး ရှင်းပြသည်ကို တစ်ခုမျှနားမလည်ပါ။ သည်တော့ ဦးထုပ်နီက ထိုအသံတွေကို တယောအပေါ်မှာ လက်တွေ့ထိုးပြသည်။

“ ပြီးတော့ မြန်မာဂီတက မယ်လိုဒီကိုပဲ ဦးစားပေးတာကွ..
ဟာမိုနီကိုဦးစားမပေးဘူး.. အခုလောလောဆယ်တော့ ..
မင်းဒါတွေနားလည်ဦးမှာ မဟုတ်ဘူး.. ဒီတော့မင့်ကို ..
တယောကိုင်ပုံကိုင်နည်းလေး သင်ပေးမယ်..မှတ်ထားကွ..
ဒါကအရမ်းအရေးကြီးတယ်.. တယောသမားတစ်ယောက် ဖြစ်မဖြစ် ..
အဲဒီ တယောကိုင်ပုံကိုကြည့်ပြီး ဆုံးဖြတ်နိုင်တယ်.. တယောကို
မေးစေ့နဲ့ ပခုံးကြားမှာ လက်က မကိုင်ဘဲ ညှပ်ထားဖို့အရင်လေ့ကျင့်ကွ..”

အောင်ထွန်းသည် တယောကို သူ့မေးစေ့နှင့် ပခုံးကြားတွင်ညှပ်သောအခါ တယောသည် အောက်သို့ပြုတ်ကျမလိုဖြစ်သွားသဖြင့် လက်က ကမန်းကတန်းဖမ်းကိုင် လိုက်ရသည်။ ပြီးတော့ ဦးထုပ်နီကြီးက ဘိုးတံကိုင်ပုံကိုင်တွယ်နည်းကို သင်ပေးပြန်၏။ အောင်ထွန်းသည် သင်ရင်းနှင့် ချွေးတွေပြန်လာသည်။

တယောထိုးသည့်အလုပ်သည် လွယ်မလိုနှင့် ခက်ခဲသည့် အလုပ်တစ်ခု ပါပဲလား။ တယောကို မေးစေ့နှင့် ပခုံးကြားတွင် ညှပ်နေသည့်အချိန်တွင် သူ့စိတ်ထဲ၌ လွမ်းဆွတ်သော ဝေဒနာသည်ပျောက်ကွယ်နေလေ၏။

တစ်ဆောင်းသစ်ပြန်လေပြီ။ ခေါင်းရင်းဖက်မှာ ရှိသော ခွာညိုပန်းပင်သည် အပွင့် ပွင့်နေလေပြီ။ သူ့ရင်မှ ဒဏ်ရာသည် အကင်း မသေသေးချေ။ သို့သော် သက်သာ သင့်သလောက်တော့ သက်သာခဲ့လေပြီ။ သူသည် ရုံးကိုပုံမှန်ပြန်သွား၏။ အရက်ကိုလည်း နေ့တိုင်းမသောက်ဖြစ်တော့ဘဲ တခါတရံမျှသာ သောက်တော့၏။

ဦးထုပ်နီကြီးဆီသို့လည်း တစ်ပတ်လျှင်နှစ်ရက်မျှ ပုံမှန်ရောက်သည်။ စနေနေ့ နေ့တဝက်ရုံးတက်ပြီး ရုံးဆင်းသည်နှင့် ဦးထုပ်နီကြီး အိမ်သို့ရောက်သွားတော့သည်။ ဦးထုပ်နီသည် သူ့အတွက် အကောင်းဆုံးမိတ်ဆွေဖြစ်နေလေပြီ။

“ ဆိုက်ကော်လော်ဂျီဆိုတာ မင်းသိလား..”
“ စိတ်ပညာကိုပြောတာ မဟုတ်လား အစ်ကိုကြီး..”
“ အေးကွ.. အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်.. မင်းလည်း အဲဒါကို ..
လေ့လာထားသင့်တယ်..ဘာအလုပ်ပဲ လုပ်လုပ်ပေါ့ကွာ..
စိတ်ပညာကို သိထားရင် အဲဒါကမင့်ကို အထောက်အကူ ပေးလိမ့်မယ်ကွ..”

“ လွမ်းနေဆွေးနေတာကိုရော အဲဒါက သက်သာအောင်လုပ်ပေးနိုင်သလား..”
“ အင်း.. တစ်စိတ်တစ်ပိုင်းလောက်တော့ သက်သာအောင်လုပ်ပေးနိုင်ပါတယ်
ဒီလိုကွ.. စိတ်ပညာဆိုတာ....မင်းသိဖို့ပြောရရင် လူတွေရဲ့..
စိတ်နေသဘောထားနဲ့.. အပြုအမူတွေကို သိပ္ပံနည်းကျကျ လေ့လာတဲ့
ပညာတစ်ရပ်တစ်ခုပဲကွ.. စိတ်ပညာကိုလေ့လာကြတဲ့ရည်ရွယ်ချက်ကိုက
လက်တွေ့ဆန်တဲ့ သဘောတရားတွေကိုရှာဖို့ပဲ.. စိတ်ပညာရှင်တွေဟာ ..
လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ စိတ်နေစိတ်ထားနဲ့ အပြုအမူတွေကို
အသေးစိတ်လေ့လာကြတာကွ.. ပြီးတော့တစ်ချို့
စိတ်နေစိတ်ထားနဲ့ အပြုအမူတွေရဲ့နောက်ကွယ်က..
စိတ်နဲ့ အာရုံပိုင်းဆိုင်ရာ တွေကိုလည်းလေ့လာတယ်..
လူချင်းအတူတူ စိတ်ချင်း ဘာကြောင့်မတူကြတာလဲ..”

“ များသောအားဖြင့်က စိတ်ပညာက စိတ်ရောဂါတွေကို..
သိအောင်ကြိုးစားကြတယ် ဆိုပေမယ့် ပုံမှန် သဘာဝစိတ်နဲ့ ..
ပုံမှန် သဘာဝစိတ် မဟုတ်တာတွေကိုလည်း လေ့လာကြတယ်ကွ..”
“ အစ်ကိုကြီး.. ဂမ္ဘီရပညာကရော စိတ်ပညာနဲ့ဆိုင်သလား..”
“ အင်း.. ပတ်သက်မှုတော့ ရှိတယ်ကွ.. ဘာပဲဖြစ်ဖြစ် စိတ်ပညာဟာ
လူသားတွေကို အကျိုးပြုနေတာတော့အမှန်ပဲ..မင်းကိုငါပြောပြမယ်..
ကလေးတွေမှာ တွေ့ကြုံခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို
တို့လူကြီးတွေအားလုံး သိနေတယ်လို့ မင်းထင်သလား.. မထင်နဲ့ကွ..
ကလေးတစ်ယောက် ဘာတွေခံစားနေရတယ်ဆိုတာက
အဲဒီကလေးရဲ့ ကောင်းကျိုးဆိုးကျိုးကိုဖြစ်စေနိုင်တယ်..
ဒါကြောင့် ကလေးတွေအကြောင်းကိုသိဖို့..
ကလေး စိတ်ပညာရှင်တွေဆိုတာ ပေါ်လာတာပဲ.. ကလေးတွေရဲ့ ဗီဇ..
ကလေးတွေရဲ့ စရိုက်.. အဲဒါတွေက အစ အကုန်လေ့လာတယ်..
ကလေးစိတ်ပညာကိုနားလည်တာက ကလေးရဲ့ ပညာရေးကိုလည်း
ကောင်းစေတယ်ကွ.. ဥပမာတစ်ခုငါပြောပြမယ်.. ငါငယ်ငယ်က ကျောင်းသွားတဲ့
လမ်းမှာ ကြောက်စရာကောင်းတဲ့ ခွေးကြီးတစ်ကောင်ရှိတယ်..
အဲဒီခွေးကြီးက အကြီးကြီးပဲကွ..ငါ့ကိုမြင်ရင် ခွေးက ဟောင်တယ်..
ကိုက်မယ့်ပုံလည်းရှိတော့ ငါကျောင်းမသွားချင်တော့ဘူး..
ကျောင်းကိုပျော်ပေမယ့်.. ခွေးကိုကြောက်တယ်..
အဲဒီတော့ ငါကျောင်းပြေးတတ်လာတယ်.. အဲဒါက ကလေးစိတ်ပညာပဲကွ..”

“ နောက်တစ်ချက်က လူတွေမှာ ကြောက်တယ်..
ဒေါသထွက်တယ်.. ဝမ်းနည်းတယ်.. ဝမ်းသာတယ်..
အဲဒီစိတ်ခံစားမှုတွေကလည်း စိတ်ကြောင့်ဖြစ်တာပဲ..”
အောင်ထွန်းသည် ဦးထုပ်နီကြီးဆီမှာ သင်ယူစရာတွေ အများကြီးရှိနေ၏။ သူတို့ နှစ်ယောက်သည် စကားလည်းပြောသည်။ တယောလည်း ထိုးကြသည်။ ပြီးတော့အရက်လည်း အတူသောက်ကြသည်။

“ စိတ်ပညာမှာ အရေးအကြီးဆုံး အချက်ကတော့ စဉ်းစားခြင်းပဲကွ..
အဲဒီစဉ်းစားခြင်းဟာ ပုံမှန်အတိုင်းဖြစ်ဖို့လိုတယ်.. ဘုရားဟောတဲ့ မဂ္ဂင် ၈ ပါးမှာ
သမ္မာသင်္ကပ္ပ ဆိုတာ မင်းသိတယ်မဟုတ်လား..မှန်သောအကြံဆိုတာပဲ..
အဲဒါက စဉ်းစားခြင်းပဲကွ.. ဘာကိုပဲဖြစ်ဖြစ် မင်းမှန်မှန်စဉ်းစားဖို့လိုတယ်..
ဒီတော့ ဘာကိုပဲဖြစ်ဖြစ် စဉ်းစားဖို့အချက်ငါးချက်ကိုငါပြောပြမယ်..
အရေးကြီးတယ်.. သေသေချာချာမှတ်..”

“ တစ်က အခက်အခဲပြဿနာတစ်ခု ဖြစ်လာရင်အဲဒါကို ဆင်ခြင်ကြည့်ပါ..
ဘာလဲဆိုပြီးဆင်ခြင်ကြည့်ခိုင်းတာ.. နှစ်အချက်ကတော့ ..
ပြဿနာရဲ့အခြေအနေကိုသေသေချာချာသိအောင်လုပ်တာ..
သုံးအချက်က အဲဒီပြဿနာကို အဖြေပေးမယ့် .. စဉ်းစားမှုကိုပဲလုပ်ရမယ်..
အဖြေမပေးနိုင်မှာကို မစဉ်းစားနဲ့ကွ.. လေးအချက်က ပြဿနာကို ..
ခွဲခြားကြည့်တာ.. အဲဒီမှာ ပြဿနာပေါ်မူတည်ပြီး ..
အတွေးတွေက တစ်ခုစီဖြစ်လာလိမ့်မယ်..
အဲဒီ အချက်က ပြဿနာကို လုံးဝဖြေရှင်းနိုင်မယ့်နည်းလမ်းပဲ..
နောက်ဆုံးအချက်ကတော့ မင်းစဉ်းစားခဲ့တာတွေမှာ အမှားနဲ့အမှန်တွေကို ..
ပြန်ရှာကြည့်တာ.. တခါတလေ ကိုယ်စဉ်းစားခဲ့တာဟာ..
မှားတာတွေရှိနေတတ်တယ်..အဲဒါတွေက မင်းဘာပဲလုပ်လုပ် ..
သိထားရမယ့် အချက်တွေပဲ..”

“ အစ်ကိုကြီး ပြောမှပဲ ကျွန်တော်သတိရတာ တစ်ခုရှိတယ်..
ကျွန်တော်ငယ်ငယ်ကကျောင်းသွားတော့ လမ်းကနှစ်လမ်းရှိတယ်ဗျ..
တလမ်းက ကျောင်းကိုရောက်ဖို့လမ်းတိုတယ်..
ဒါပေမယ့် မိုးရွာရင် ဗွက်ထတယ်..ရေဝပ်တယ်.. နောက်တလမ်းကတော့ ..
အဲဒီလမ်းထက်ပိုရှည်တယ်.. ဒါပေမယ့် ရေမဝပ်ဘူး..ဗွက်မထဘူး..
လမ်းကောင်းတယ်..အဲဒီတော့ မိုးတွင်းဆိုရင် ကျောင်းသွားဖို့..
ကျွန်တော်က အဲဒီနှစ်လမ်းစလုံးကို သုံးတယ်ဗျ..”
ဦးထုပ်နီသည် အောင်ထွန်းစကားကြောင့် စိတ်ဝင်စားသွားသည်။

“ ပြောစမ်းပါဦး..”

“ အမှန်ကတော့ ဗွက်မထ ရေမဝပ်ရင် အဲဒီလမ်းတိုက ပိုအဆင်ပြေတယ်ဗျ..
ပြီးတော့အိမ်ကနေဆို အဲဒီလမ်းတိုက အရင်ရောက်တာ.. ဒီတော့ ကျွန်တော်က
အဲဒီလမ်းတိုထိပ်မှာ ရပ်ပြီး လမ်းထဲက ထွက်လာတဲ့ လူတွေခြေထောက်ကို
အရင်ကြည့်တာဗျ.. တစ်ခြား ဘာကိုမှမကြည့်ဘူး..
ခြေထောက်ကိုပဲကြည့်တယ်.. တကယ်လို့အဲဒီလမ်းထဲကထွက်လာတဲ့ သူတွေ
ခြေထောက်မှာ ရေစိုနေရင် ဒီလမ်းတော့ရေဝပ်နေပြီပေါ့..
ရွှံတွေဘာတွေနည်းနည်းပေနေပြီဆိုရင် ဗွက်ထနေပြီပေါ့..
အဲဒီလိုစဉ်းစားပြီးမှ လမ်းတိုလမ်းရှည်ကိုရွေးတာ..”
ဦးထုပ်နီကြီးသည် အောင်ထွန်းစကားကြောင့် မျက်မှောင်နည်းနည်း ကုတ်သွား၏။

“ မိုးလောလောလတ်လတ် ရွာထားတာနဲ့ စဉ်းစားရင်ကောကွာ..”
“ မဆိုင်ဘူး အစ်ကိုကြီးရ.. တခါတလေ မိုးဘယ်လောက်ရွာရွာ..
ရေမဝပ်တာတွေလည်း ရှိတတ်တယ်..”
ဦးထုပ်နီကြီးသည် အောင်ထွန်းစကားကြောင့် ပြုံးသည်။

“ မင်းက အဲဒီတုန်းက ကလေးဆိုတော့ ..
ကလေးအမြင်နဲ့ ဆင်ခြင်ကြည့်တာပေါ့ကွာ.. တကယ်က အဲဒီနေရာမှာ..
လူကြီးတစ်ယောက်ဆိုရင် လဆန်းလကွယ် ရေတက်ရေကျနဲ့ပါတွက်ဦးမှာ..
မြစ်ထဲမှာ ရေတက်နေရင် မိုးရွာတဲ့အခါ ရေဝပ်မယ်ပေါ့ကွာ..
မြစ်ထဲမှာ ရေကျနေရင် မိုးဘယ်လောက်ရွာရွာ ရေမဝပ်ဘူး..”
အောင်ထွန်း၏ ခေါင်းထဲတွင် လက်ကနဲ ဖြစ်သွားသည်။ စဉ်းစားဆင်ခြင် ခြင်းသည် အလွန်အရေးကြီးသော အရာကြီး တစ်ခုဖြစ်ပါလား။

“ ဆာ အာသာ ကိုနင်ဒွိုင်း ဆိုတဲ့ အင်္ဂလန်နိုင်ငံဖွား
စာရေးဆရာကြီးတစ်ယောက်ရှိတယ်ကွ.. သူ့ဇာတ်ကောင်က..
ရှားလော့ဟုမ်းဆိုတဲ့ စုံထောက်တစ်ယောက်ပဲ.. အဲဒါ အမှုတစ်ခုဖြစ်ပြီဆိုရင် ..
စဉ်းစားဆင်ခြင်မှုတွေ အများကြီး လုပ်ပြီး တရားခံကိုဖမ်းတယ်..
ဝတ္ထုဖြစ်ပေမယ့်.. အဲဒီထဲမှာ စဉ်းစားဆင်ခြင်ပုံတွေ ထည့်ရေးထားတာ ..
အရမ်း ပညာရတယ်ကွ.. မင်းလည်း အချိန်ရရင် ရှားလော့ဟုမ်း ဖတ်သင့်တယ်..
ဆရာဝန်ကြီး ပါမောက္ခဒေါက်တာဘသန်းကတောင် ..
ဆေးတက္ကသိုလ် သင်ရိုးမှာ အဲဒီရှားလော့ဟုမ်းကို ထည့်သင်ဖို့..
အဆိုပြုဖူးတယ်ကွ.. တကယ်တော့ ဆရာဝန်အလုပ်ဆိုတာလည်း ..
စဉ်းစားဆင်ခြင်ခြင်းတွေနဲ့လုပ်ရတဲ့ အလုပ်ပဲကွ..”
“ ကဲ.. စကားလည်းပြောတာမောပြီ.. အရက်သောက်ကြရအောင်..”
သူတို့နှစ်ယောက်သည် ဖျာပေါ်မှာ ထိုင်လိုက်ကြပြီး အရက်သောက်ကြ၏။

“ ဒီနေ့တော့ အမြည်းက သိပ်မကောင်းဘူးကွ.. ငါးပုတ်ခြောက်မီးကင်နဲ့..
သံပုရာသီးပဲရှိတယ်.. ဒါပေမယ့် ဒါကလည်း စားတတ်ရင် သိပ်အရသာရှိတယ်..
ဒီလိုလုပ်.. ငါးပုတ်ခြောက်က သိပ်စားလို့မရဘူးကွ..ငန်တယ်..
ဒီတော့ တစ်ဖဲ့လောက် ဟောဒီလိုလက်ကလေးနဲ့ဖဲ့ယူ.. ပါးစပ်ထဲမထည့်ခင် ..
သံပုရာစိပ်လေးနဲ့ အသာပွတ်.. ပြီးတော့မှစားကွ..”

အောင်ထွန်းက သူပြောသည့်အတိုင်း ငါးပုတ်ခြောက်ကို ယူစားကြည့်သည့်အခါ အလွန်အရသာ ရှိနေ၏။ ထို့ကြောင့် စားလို့သိပ်ကောင်းတယ်ဟုပြောပြီး သူ့ရှေ့မှာရှိသော အရက်ခွက်ကို ကောက်၍ တဂွပ်ဂွပ်နှင့်မော့ချလိုက်လေ၏။

အောင်ထွန်းသည် ရုံးခန်းထဲမှာ ထိုင်ရင်း လုပ်လက်စအလုပ်တွေကို ခဏ ရပ်လိုက်၏။ အခန်းဘေး ပြတင်းမှ အပြင်သို့ မျှော်ကြည့်လိုက်သည်။ အေးကို ခနောင်တိုက သူ့ဦးလေး ဦးကျော်စွာအိမ်သို့ ခိုးပြေးခဲ့သည်ကို သတိ ရမိပြန်သည်။ အဲဒီတုန်းကလည်း သည်လိုရာသီမျိုးပါကလား။ ကောင်းကင်သည် ပြာလဲ့နေ၏။ အလွန်မြင့်သော နေရာတွင် စွန်တစ်ကောင်သည် ပျံဝဲနေ၏။

ခနောင်တိုက ရွာလေးမှာ လှေအတူစီးခဲ့ကြသည်ကို သတိရသည်။ လင်မယား နှစ်ယောက် မီးဖိုထဲမှာ ချက်ပြုတ်သည်ကို သတိရသည်။ စိတ်ကောက်နေသော မယားကို ချော့ရသည်ကို သတိရ၏။ ဪ အားလုံးသည် ပြန်သတိရစရာကြီးပါတကား။ ရင်ထဲမှ ဒဏ်ရာသည် အကင်းမသေသေးချေ။

ညနေ ရုံးဆင်းသည့်အခါ ပုံမှန်အတိုင်းပင် အိမ်သို့ပြန်လာရာ လမ်းထိပ်တွင် ရွှေမောင်းကိုတွေ့သည်။ ရွှေမောင်းက ပြောစရာရှိသည်ဆိုပြီး သူ့ကို လဘက်ရည်ဆိုင်သို့ ခေါ်သွားသည်။ လဘက်ရည်နှစ်ခွက်မှာပြီးသည်အထိ ရွှေမောင်းက စကားမပြောသေး။ သူသည် ပြောမည့်စကားကိုချင့်ချိန်နေပုံရ၏။
“ မင့်အနေနဲ့ မင့်မိန်းမအပေါ်မျှော်လင့်နေဦးမယ်ဆိုတာ ငါသိပါတယ်..
ဒါက မင့်အနေနဲ့ မျှော်လင့်မယ်ဆိုလည်း မျှော်လင့်နိုင်တဲ့ အနေအထားတစ်ခုလေ..
မင့်ယောက္ခမက မင်းနဲ့သူ့သမီးကို သဘောမတူလို့ခွဲလိုက်တယ်..
ဒီတော့ ခဏကွဲနေတဲ့ အနေအထားဖြစ်နေတယ်..
ကံအကြောင်းသင့်ရင် မင်းတို့က ပြန်ဆုံနိုင်ကြတဲ့အခြေအနေလေ..
ကောင်မလေးကလည်း တရားဝင်တာ မဝင်တာ အပထား အခုထိ မင့်မိန်းမပဲ..”

အောင်ထွန်းသည် ရွှေမောင်းမျက်နှာမှာ ပြောနေသောစကား၏ ဆိုလိုရင်းကို လိုက်ရှာနေ၏။ တကယ်တမ်းပြောရလျှင် ရွှေမောင်းပြောသည့်အချက်မှာ အမှန်တကယ် ပင်ဖြစ်ပါသည်။ အေးကို သူလွမ်းပါသည်။ အေးနှင့်ကွဲရသည့်အတွက် မချိမဆန့် ခံစားရ၏။

သို့သော် သူ့အနေနှင့် အေးကို ယခုအချိန်အထိ မျှော်လင့်မိနေဆဲပင်ဖြစ်သည်။ အေးဆီက ရောက်လာမည့် လူကြုံနှင့်စာကို ယခုအချိန်ထိ မျှော်လင့်မိနေ၏။ ပြီးတော့ အချစ်စစ်တို့သည် ကွဲကွာရိုးမရှိပါ။ သူက အေးကိုချစ်သလို အေးကလည်း သူ့ကို ချစ်ကြသည်ပဲ။ ချစ်သူနှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် နှစ်နှစ်ကာကာ ချစ်နေသ၍ သူတို့နှစ်ဦးကြားကို မည်သည့်အရာကမျှ ဝင်မဖျက်နိုင်ဟု သူယုံကြည် ပါသည်။

သူ့ယောက္ခမကြီးသည် သူနှင့်အေးကို မည်မျှကြာအောင် ခွဲထားနိုင်မည်နည်း။ တစ်နှစ်လား။ နှစ်နှစ်လား။ ငါးနှစ်လား။ ခွဲချင်သလောက်ခွဲပေါ့။ အေးက သူ့အပေါ်မေတ္တာ မပျက်သ၍ သူတို့သည်အချိန်မရွေး နီးကပ်နိုင်သည်ပဲ။

“ ငါ နေ့လည်က ဗိုလ်ချုပ်ဈေးကို ခဏသွားတယ်ကွ..”
ရွှေမောင်းသည် စကားကိုတုန့်ဆိုင်းနေပြန်သည်။

“ အဲဒီမှာ မင့်မိန်းမကို တွေ့တယ်..”

အောင်ထွန်း၏မျက်လုံးအစုံသည် အရောင်တောက်လာ၏။ သည်သဲလွန်စသည် သူအလွန်သိချင်နေသော သဲလွန်စပင်ဖြစ်သည်။ အေးနှင့်သူကွဲပြီးကတည်းက သူ့ သူငယ်ချင်းတွေကလည်း သူတို့သိသမျှသတင်းတွေ သူ့ဆီသို့ပို့ပေးကြသည်။

“ အဲဒီအိမ်မှာ ဘယ်သူမှ မရှိတာတော့မဟုတ်ဘူးကွ.. အသက်..
ငါးဆယ်ကျော်လောက်ရှိမယ့် လူကြီး တစ်ယောက်ကအိမ်စောင့်အနေနဲ့နေတယ်..
အဲဒီလူကြီးက မနက်ဆယ်နာရီလောက်ဆို လမ်းထိပ်က လဘက်ရည်ဆိုင်မှာ .
ပုံမှန်လဘက်ရည်သွားသောက်တယ်.. ပြီးတော့ ..
နေ့လည်ဆယ့်နှစ်နာရီဆို ဒေါ်နီထမင်းဆိုင်မှာ ထမင်းသွားစားတယ်..
ပြီးရင် အိမ်ပြန်ရော.. သူအိမ်ကထွက်တာနဲ့ အိမ်တံခါးကိုသော့ခပ်သွားတယ်ကွ”

“ အေး.. အဲဒါနဲ့ငါတို့လည်း အိမ်ထဲမှာ မင့်မိန်းမကိုများ ..
ပိတ်လှောင်ထားသလားသိရအောင် အိမ်တံခါးသော့ကနေ အထဲကို
သွားချောင်းကြတယ်ကွ.. အိမ်ထဲမှာ ဘယ်သူမှမရှိတာတော့သေချာတယ်..
တိတ်နေတာပဲ..”

တက်ပုသည် မီတာခငွေတောင်းခံလွှာလာပေးသူထံမှ မီတာခစာရွက်ကို ကိုယ်စားယူထားပြီး ကောင်မလေး၏အိမ်သို့ ကိုယ်တိုင်သွားပေးကာ စူးစမ်းသည်တဲ့။ သို့သော် တစ်အိမ်လုံးမှာ စောစောက အိမ်စောင့်လူကြီးကလွဲ၍ မည်သူမျှမရှိပါတဲ့။ ရွှေမောင်း၏လက်ကိုကိုင်၍ သူအားတက်သရောမေးလိုက်မိသည်။

“ သူနဲ့မင်းတွေ့ခဲ့တယ်ဆိုတော့ သူဘာပြောလိုက်သလဲ..”
ရွှေမောင်းသည်ခေါင်းကိုဖြည်းလေးစွာယမ်းသည်။

“ ငါကသာ .. တွေ့တာပါကွာ.. သူက ငါ့ကိုမတွေ့ပါဘူး..
သူ့ဘေးမှာ လူတစ်ယောက်လည်း..ပါတယ်..”
သူ့ရင်သည် ဆတ်ကနဲဖြစ်သွား၏။ ချက်ခြင်းဖြင့် မိုက်ကနဲဖြစ်သွားပြန်သည်။

“ မင့်မိန်းမက အဲဒီလူလက်မောင်းကို ကိုင်ထားတယ်ကွ..
အဲဒီသူတို့အတွဲဘေးမှာ မင့်ယောက္ခမကြီးလည်း ပါတယ်..
ဗိုလ်ချုပ်ဈေးမှာ သူတို့ရွှေလာဝယ်ကြတာကွ.. ရွှေဆိုင်ထဲ ဝင်သွားကြတယ်..”
အောင်ထွန်း၏နှလုံးသားသည် မြင်းအကန်ခံလိုက်ရပြီးမှ ဆင်ကတက်နင်း လိုက်သကဲ့သို့ဖြစ်သွားသည်။

“ မင့်မိန်းမ .. ဘေးနားက လူကို ငါကောင်းကောင်းသိတယ်ကွ..
အဲဒီလူက အထည်စက်ရုံပိုင်ရှင်လို့ပြောကြတယ်..သူဌေးပေါ့ကွာ..
ကိုကျင်မောင်တဲ့.. ဒီလူ့မှာ မိန်းမတွေလည်း များတယ်..”

ယခုတော့ ဆင်က တက်နင်းလိုက်ရုံမကဘဲ မြွေကပါ ထပ်ပေါက်လိုက်သကဲ့သို့ ဖြစ်သွားသည်။ အောင်ထွန်းသည် မချိမဆန့်ခံစားလိုက်ရသည်။ မျှော်လင့်နေသော အိပ်မက်သည် ပျက်ပြယ်သွားခဲ့ရလေပြီ။ သူ့အတွက်တော့ ကမ္ဘာမြေကြီးသည် တစ်ခြမ်း နိမ့်ဆင်းသွားခဲ့ရလေပြီ။
သူ့လက်ထဲမှာ ကိုင်ထားဆဲဖြစ်သည့် ရေနွေးပန်းကန်သည် တဆတ်ဆတ် တုန်နေ၏။ သူ့ရင်ထဲတွင် အမှန်တရားကို ရုတ်တရက်လက်မခံလိုသော စိတ်ပေါ်လာ၏။

“ သူ့အစ်ကိုတွေဘာတွေများလားကွာ.. ငါနဲ့နေတုန်းက သူပြောဖူးတယ်..
သူ့အစ်ကိုဝမ်းကွဲ တစ်ယောက်က မင်းဘူးမှာတဲ့..
ရေနံမြေမှာ အလုပ်လုပ်တယ်တဲ့.. သူများ ဖြစ်နေမလား..”
ရွှေမောင်းသည် သူ့ကိုနားလည်စာနာစွာကြည့်၏။

“ အဲဒီလူကို ငါတကယ်သိတာပါ သူငယ်ချင်း ကိုကျင်မောင်လို့ခေါ်တယ်..
သူ့ မယားကြီးက ငါတို့အရင်တုန်းကနေခဲ့ဖူးတဲ့
ကြည့်မြင်တိုင်နတ်စင်လမ်းမှာနေတယ်..
အေးလေ.. မင်းကတော့ မင့်ခံစားချက်နဲ့မင်းပေါ့..
ငါဘာမှတော့မပြောချင်ပါဘူး သူငယ်ချင်းရာ.. ငါပြောချင်တာက ..
မင်း မျှော်လင့်ချက်တွေသိပ်ထားနေမှာစိုးလို့..”

သူခေါင်းငိုက်ကျသွားသည်။ သူငယ်ချင်းနှင့်လမ်းခွဲခဲ့ပြီး မည်သည့်နေရာသို့ သွားရမှန်းမသိသဖြင့် အိမ်ပြန်တာပင်ကောင်းသည် စဉ်းစားမိပြီး အိမ်သို့ပြန်လာ၏။ အေးတို့အိမ်ရှေ့သို့ရောက်သော် အိမ်ဖက်သို့လွမ်းဆွတ်စွာ ကြည့်မိသည်။ အိမ်ရှေ့ ရေကပြင်လေးမှာ မျက်နှာသစ်နေသည့်ဟန်ကလေးသည် မျက်လုံးထဲမှာ ရစ်ဝဲပြီး ပေါ်လာပြန်၏။ အိမ်ပြန်ရောက်တော့ မိခင်က သူ့လက်ထဲက ထမင်းချိုင့်ကို လှမ်းယူသည်။ ရေအရင်ချိုးလိုက်လေသား။ ပြီးတော့ အမေတို့ထမင်းစားကြမယ်ဟုပြောသည်။

ညစာထမင်းဝိုင်းတွင်မိသားစု စုံစုံညီညီဖြစ်နေ၏။ ဟင်းသည် ဗမာကြက်သား ဆီပြန်ဟင်း။ သရက်ချဉ်သုပ်နှင့် ဘူးသီးဟင်းခါး။ သူသည် ကြက်ရင်အုံသားကို တစ်တုံး ခပ်ပြီး ဖခင်၏ပန်းကန်ထဲသို့ ထည့်ပေးသည်။ မိခင်က အသည်းအမြစ်ကြိုက်သဖြင့် အသည်းတစ်တုံးကို မိခင်ပန်းကန်ထဲသို့ထည့်သည်။ညီတွေနှင့်ညီမသည် သူ့မျက်နှာကို မသိမသာကြည့်နေကြ၏။ သူက ဘေးက ညီအကြီးဆုံးကို ပခုံးပုတ်လိုက်သည်။

“ စားလေကွာ..”

ညီသည်သူ့ပန်းကန်ထဲသို့ ကြက်သားတစ်တုံးဦးချပြီးမှ ထမင်းစားသည်။ ထမင်းဝိုင်းသည် ခါတိုင်းထက် ပိုတိတ်ဆိတ်နေသလိုပင် ဖြစ်နေ၏။ အေး၏ သတင်းသည် ရွှေမောင်းပြောသလို အမှန်အတိုင်းဖြစ်နေလေမည်လား။ အဲဒီ ကိုကျင်မောင် ဆိုသည့်လူနှင့် အေး တကယ်ပင် ဖြစ်သွားလေပြီလား။

မဖြစ်နိုင်စရာလည်း အကြောင်းမရှိ။ သို့သော် သူသည် စိတ်ကိုဖွကာ ဖော့ကာ တွေးမိပြန်သည်။ အေးသည် သူ့ကိုအမှန်တကယ်ပင် မေတ္တာရှိသည်ဟု သူ ယုံကြည်သည်။ ညားကာစ ကာလတုန်းက လယ်ကန်သင်းဘေးက တစ်ခုတည်းသော ကုက္ကိုပင်ကြီးအောက်မှာ သူအေးကိုမေးခဲ့ဖူးသည်။

“ အေး.. အစ်ကို့ကို ချစ်တယ်မဟုတ်လား..”
“ အင်းပေါ့.. ချစ်တာပေါ့..”
“ ဘယ်လိုအခြေအနေမျိုးရင်ဆိုင်ရ ရင်ဆိုင်ရ ချစ်မှာပဲလား..”
“ အင်းပေါ့.. ချစ်မှာပေါ့ အစ်ကိုရဲ့.. အစ်ကိုက အေးယောက်ျားပဲ ဥစ္စာ..”

မျက်ရည်တွေ ရစ်ဝဲလာသည်။ ထိုမျက်ရည်တွေကို မိသားစု မမြင်တွေ့ သွားစေချင်သဖြင့် မျက်တောင်တွေကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။ ထမင်းကို ဟုတ်တိပတ်တိမစားသော သူ့ကိုအမေက မသိမသာ အကဲခတ်နေမှန်း သိသည်။ စောစောကရွှေမောင်းနှင့်သောက်လာခဲ့သော လဘက်ရည်ကလည်း ရင်ခံသည်။ အေးအကြောင်း ကြားရသည်ကလည်း ပိုရင်ခံသည်။ထို့ကြောင့် ထမင်းဝိုင်းမှ အရင်ဆုံးထသူ သည် သူပင်ဖြစ်နေ၏။

အေးသည် သဇင်ပန်းတွေကို ခေါင်းအပြည့်ပန်ထား၏။ သူရှိရာသို့ ပြေးလာနေသော အေး၏အသွင်သည် လန်းဆန်းနေ၏။ လမ်းမတစ်လျှောက်တွင် လူသူ တစ်ဦးတစ်လေမျှ မရှိချေ။ သူသည်ထိုင်နေရာမှ ရုတ်တရက် ထသည်။ အေးဟု နုတ်က အသံထွက်ကာခေါ်သော်လည်း အသံက မထွက်။ ချွေးစေးတွေပြန်လာ၏။ အေးသည် သူ့ကိုမျက်စပစ်ကာ ပြန်ထွက်သွားသည်။

အောင်ထွန်းသည် အိပ်ရာမှ လန့်နိုးခဲ့သည်။ မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါတစ်အိမ်လုံးသည် ပိန်းပိန်းမှောင်နေ၏။ ရေငတ်သဖြင့် အိပ်ရာမှ ခြင်ထောင်ဖွင့်ကာ အပြင်ထွက်သည်။ အိမ်ရှေ့ခန်းမှာရှိသော သဲရေအိုးမှ သောက်ရေတစ်ခွက် သွားခပ်ကာ သောက်သည်။ ဘုရားစင်မှမီးသည် မှိတ်တုပ်မှိတ်တုပ် ပြပြကလေး လင်းနေ၏။ သူသည် အိမ်ရှေ့တံခါးမကြီးကို အိမ်သားတွေမကြားအောင် ဖွင့်လိုက်သည်။ ပြီးတော့ အိမ်ရှေ့ ဝရံတာလေးမှာ ထွက်ရပ်လိုက်၏။

အိမ်ရှေ့လမ်းမီးတိုင်သည် နက်ရှိုင်းသော ညဉ့်အမှောင်ထုကို အံ့တုရုန်းကန် နေသလိုရှိသည်။ မရည်ရွယ်ပါပဲလျက် သူ့မျက်လုံးသည် အေးတို့အိမ်ဖက်ကို ရောက်သွား၏။ သက်ပြင်းတစ်ချက်ကို သူခပ်လေးလေး ချလိုက်သည်။မယုံပါ။ အေးတစ်ယောက် သူ့အပေါ် ထိုသို့ရက်စက်လိမ့်မည် ဆိုသည်ကို မယုံပါ။ အင်းပေါ့လေ။ ကိုယ်တိုင်ကြုံလိုက်လျှင်တော့လည်း တစ်မျိုးပေါ့။

ထိုနေ့ကအဖြစ်အပျက်သည် သူ့မျှော်လင့်ချက်တွေအားလုံး ပျက်သုဉ်း သွားရသည့် အဖြစ်အပျက်ပင် ဖြစ်သည်။ မီးရထားဌာန၏ ကိစ္စတစ်ခုကြောင့် သူ သည်နေ့ အပြင်ထွက်ရသည်။ ဆောင်ရွက်စရာရှိသည့်ကိစ္စတွေကို သူ့အထက်က ရုံးအုပ်ကြီးက ဆောင်ရွက်ရသည်ဖြစ်ပြီး သူကတော့ အကူအဖြစ် နောက်ကလိုက်ရခြင်းဖြစ်၏။ သူတို့သည် ရုံးကားကို အသုံးပြုခွင့်ရပြီး ဘားလမ်းအထက်တနေရာတွင် အေးတို့စုံတွဲကို သူ တွေ့လိုက်ရခြင်းပင်ဖြစ်သည်။

အေးသည် လူတစ်ယောက်လက်ကိုတွဲချိတ်ထားပြီး မြူးတူးနေ၏။ သူ့ဘေးက လူက အေးကိုတစ်စုံတစ်ခု ပြောလိုက်သောအခါ အေးက မျက်စောင်းထိုး၏။ သူတို့ နှစ်ယောက်၏ ပုံသဏ္ဌာန်သည် မည်သို့မျှ မောင်နှမ ပုံစံမဟုတ်ခြေ။ ပလက်ဖောင်းတနေရာတွင် ထိုလူက အေး၏လက်ကိုတွဲ၏။ အေးက ထိုလူနှင့် ပူးကပ်ကာ လမ်းလျှောက်၏။ သူတို့နှစ်ယောက် မည်သည့်နေရာကို သွားနေသနည်း အောင်ထွန်းမသိပါ။ သူ့မျက်လုံးတွေသည် မြင်ကွင်းကိုကြည့်ရင်းနှင့် ဝါးလာသည်။

သူသည် တောက်တစ်ချက်ကို ခပ်ပြင်းပြင်းလေး ခေါက်လိုက်မိ၏။ လောက ကြီးသည် အပြောင်းအလဲ မြန်လွန်းလှပါကလား။ မူလက လောကကြီး တစ်ခုလုံး သစ္စာတရားတို့ဖြင့် ပြည့်ဖုံးနေလိမ့်မည်ဟု ယူဆခဲ့သော ဤမြေကမ္ဘာသည် ပြောင်းလဲ လေပြီတည်း။

သည်အကြောင်းတွေသည် ရပ်နေလျှင် မည်မျှကောင်းလေမည်နည်း။ ယခု သူ့ခမျာ မျက်စိနှင့်လည်း ကြုံရသည်။ နားဖြင့်လည်းကြုံနေရသည်။ သူငယ်ချင်းတို့သည် အေး၏အကြောင်းကို သူနှင့်တွေ့သည်နှင့် ရင်ဖွင့်ကြတော့၏’။
“ ငါ့ကိုမြင်ပေမယ့် မမြင်ချင်ယောင်ဆောင်သွားတယ်ကွ..ပြီးတော့
ငါ့အထင် ပိုပြီးတောင် ငါ့ကိုအရွဲ့တိုက်သွားတယ်ထင်တယ်..
တမင်ကိုလုပ်ပြသွားတာ.. သူ့လင်ကို လက်မောင်းတောင် ချိတ်လိုက်ပြီး ..
ငါကြားအောင်တောင်စကားကျယ်ကျယ်ပြောသွားသေး..”
“ အေးကို သူ့လင်က ကားဝယ်ပေးထားတယ်..အောင်မာ ကားပေါ်
ကနေငါမြင်အောင်တောင် ဟွန်းတီးသွားသေးတယ်..”

သူ့အသည်းသည် ဓားဖြင့် ဟက်တက်ခွဲခံရရုံသာမဟုတ်။ ဆားနှင့်ပါ အပက် ခံနေရလေပြီ။ ဆံတစ်ပင်တင်း ချစ်ခြင်းမယားဟူသောစကားသည် ဧကန်မှန်သော စကားပင်ဖြစ်၏။ သူသည် သည်းမခံနိုင်တော့အောင် ခံစားရသဖြင့် ဦးထုပ်နီကြီးဆီ ရင်သွားဖွင့်မိပြန်သည်။

“ အစ်ကိုကြီးရာ.. သူ နောက်ယောကျ်ားယူသွားပြီ..”
မျက်ရည်တွေဝဲနေသောသူ့ကို ဦးထုပ်နီကြီးက နှစ်သိမ့်သည်။

“ ဒါက သိပ်တော့မဆန်းပါဘူးကွာ.. မိန်းမဆိုသည်မှာ ဆောင်းလေ ပမာညီတဲ့
အတွင်းသဘော အဆင်းမချော မယွင်းဖောက်ပြားတတ်သည်တဲ့
ကြားဖူးတယ်မဟုတ်လား. . ဆောင်းလေဆိုတာ ..

တစ်ဖက်တည်းတိုက်နေတာ မဟုတ်ဘူး.. ခုတစ်မျိုး တော်ကြာတစ်မျိုး
လေကြောင်းပြောင်း သွားတာ.. ဒါပေမယ့် ငါ့အထင်တော့ ..
ငွေဆိုတာက မင့်မိန်းမရဲ့ သစ္စာတရားကို ဖျက်ဆီးလိုက်တာပဲကွ..”

“ သစ္စာကို ငွေနဲ့ဖျက်လို့ရသလား အစ်ကိုကြီး..”
“ ရတာပေါ့ကွာ.. သစ္စာကိုလည်း ငွေနဲ့ဖျက်လို့ရတယ်..
အကျင့်စာရိတ္တကိုလည်း ငွေနဲ့ဖျက်လို့ရတယ်..”

“ ကျွန်တော်အခု အရမ်းခံစားနေရပြန်ပြီ အစ်ကိုကြီး.. ဘာဆက်လုပ်ရမလဲ..”
“ သိပ်ခံစားနေရရင်တော့ ထုံးစံအတိုင်း အရက်သောက်တာပေါ့ကွာ..
ဒါပေမယ့် ဒီတစ်ခါတော့ ငါမင့်ကို အရက်မကောင်းကြောင်းတွေ ..
ကြိုပြောပြထားချင်တယ်.. ဒီပုံစံဆို ..
မင်း အရက်သမားကြီး လုံးလုံးဖြစ်သွားမှာ စိုးလို့..”
ဦးထုပ်နီကြီးသည် အောင်ထွန်းအတွက် အရက်စပ်ပေးရင်း အရက်၏ အပြစ် တွေကို ပြောပြပေးနေသည်။

“ ဥစ္စာယုတ်ခြင်း၊ ငြင်းခုံများစွာ၊
  ရောဂါထူပြော၊ ကျော်စောမဲ့တုံ၊
  အင်္ဂါ၊ ပညာ နည်းရှား
ဤ ၆-ပါးကား၊ သောက်စားသေစာ အပြစ်တည်းတဲ့ကွ.. ဖြစ်နိုင်ရင်တော့
အရက်ကိုမသောက်နဲ့ကွ.. ပညာနည်းသွားတယ်ဆိုတာ တစ်ခုတည်းနဲ့တင် ..
မသောက်သင့်ဘူး.. မင့်မှတ်ဉာဏ်ကို ပျက်စီးစေတယ်ကွ..”

“ လောလောဆယ်တော့ ကျွန်တော့်မှတ်ဉာဏ်ကို ကျွန်တော်..
ဖျက်ဆီးချင်နေတာဗျ အစ်ကိုကြီးရ.. ဖြစ်နိုင်ရင် ..
သူနဲ့ပတ်သက်တာတွေအားလုံးကို အပြီးမေ့သွားချင်တယ်..”

“ အရက်သောက်တာက ခဏတော့ မေ့ချင်မေ့မယ်..ဒါပေမယ့်
အချိန်ကာလ တစ်ခုမှာ မင်းသူ့ကိုတကယ်မေ့သွားမှာပါ.. အေး..
မင်းတကယ်ကို အပြီးမေ့သွားချင်ရင်တော့ မင့်ခေါင်းကို တူနဲ့သာထုလိုက်ကွာ..”

“ အစ်ကိုကြီးရာ.. အရင်ကတော့ သူ့ကိုလွမ်းတဲ့ စိတ်တစ်ခုထဲနဲ့ ခံစားရတာဗျ
အခုတော့ ခံပြင်းတဲ့ စိတ်ပါရောသွားတာ.. ပိုဆိုးတယ်.. ပြီးတော့
ပိုပြီးခံပြင်းတာက အဲဒီ ကိုကျင်မောင်ဆိုတဲ့ လူက ထိပ်ကလည်းပြောင်သေး..
အသက်ကလည်း ကျွန်တော့်မိန်းမထက် နှစ်ဆလောက်ရှိမယ်..”

“ ဒါပေမယ့် ငွေရှိတယ်လေကွာ.. ပိုက်ဆံရှိတယ်.. အဲဒီတော့ အားကိုးတာပေါ့
မှတ်ထားကွ.. လောကကြီးမှာ ပိုက်ဆံရှိရင်ရှိ.. မရှိရင် အာဏာရှိရမယ်..”
“ အာဏာ ဟုတ်လားအစ်ကိုကြီး.. အာဏာဆိုတာ ဘာကိုပြောတာလဲ..”

“ ဒီလိုကွ.. အာဏာဆိုတာ တိတိကျကျ အဓိပ္ပါယ်ဖွင့်ရရင်တော့
ဘုန်းတန်ခိုးအရှိန်အဝါလို့ အဓိပ္ပါယ်ဖွင့်တယ်..
လောကကြီးမှာ လူတစ်ချို့ဟာငွေရှိတယ်.. အဲဒီတော့ လူတွေကို
ကိုင်လှုပ်နိုင်တယ်.. နောက်ထပ်လူတစ်မျိုးကျတော့ ငွေတော့ သိပ်မရှိဘူး..
ဒါပေမယ့်.. ဘုန်းတန်ခိုး အရှိန်အဝါကြီးတယ်..
သူကလည်း လူတွေကို ကိုင်လှုပ်နိုင်တယ်..”
သူ့နားထဲတွင် အာဏာဆ