“ဘုရားမှာ စိန်၊ ကျောင်းမှာ သိမ်၊ သင်္ကန်းမှာ ကထိန်”

မြန်မာ့ရိုးရားဆိုရိုးစကားများစွာရှိတဲ့အထဲကမှ “ဘုရားမှာ စိန်၊ ကျောင်းမှာ သိမ်၊ သင်္ကန်းမှာ ကထိန်” ဆိုတဲ့ ဆိုးရိုးစကားဖြစ်ပေါ်လာပုံကို ဖော်ပြပေးချင်ပါတယ်။
ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာများလူမျိုးများအတွက် မစိမ်းတဲ့ ဆိုးရိုးစကားတစ်ခုလည်းဖြစ်ပါတယ်။

ဘုရားစိန်ဖူးတော်တင်တယ်၊ ဘုရားထီးတော်တင်တယ်ဆိုတဲ့ မြန်မာ့ရိုးရာ ဓလေ့ကို ဗုဒ္ဓဘာသာဝင်များအနေဖြင့် ရင်းနှီးပြီးသားဖြစ်ပါတယ်။ စေတီဘုရားတွေမှာ စိန်ဖူးတော်ဟာဆိုရင် အထွတ်အထိပ်မှာထားရတဲ့အတွက် မြတ်သည်ဟု သတ်မှတ်ကြပါတယ်။

ထိုနည်းတူစွာ သိမ်ဟာလည်း ရဟန်းခံခြင်း၊ ဥပုသ်ပြုခြင်း၊ ပဝါရဏာပြုခြင်း၊ ကထိန်သင်္ကန်းပေးခြင်းစသော ကံကြီးကံငယ်တို့တွင် တခုခုကို ဆောင်ရွက်လိုသောအခါ သိမ်ကိုအမှီပြုပြီး ဆောင်ရွက်ရတာဖြစ်တဲ့အတွက်ကြောင့် သာသနာအတွက် အရေးပါလှပါတယ်။
ကျောင်းလှူ တာခြင်း အတူတူ “သိမ်ကျောင်း” လှူတာက ပိုမြတ်သည်ဟု ဆိုလိုရင်း ဖြစ်ပေသည်။

ထို့အတူ သင်္ကန်းလှူရာမှာလည်း “ကထိန် သင်္ကန်း” လှူ ဒါန်းခွင့်ရခြင်းက ပို၍မြတ်သည် ဟု ယူဆကြပါတယ်။ အဘယ့်ကြောင့်ဆိုသော် ကထိန်သင်္ကန်း လှူဒါန်းရာ၌ ထူးခြားချက် များစွာ (စည်းကမ်း များစွာ) ရှိနေသောကြောင့်ဖြစ်ပေသည်။

ကထိန်သင်္ကန်းအလှူ ၏ ထူးခြားချက်များ (စည်းကမ်းများ)
====================
ကထိန် သည် လှူဒါန်းမှု ဖြစ်ပေါ်လာပုံ အားဖြင့် လည်းကောင်း၊ အချိန်ကာလ အားဖြင့် လည်းကောင်း၊ အလှူခံအားဖြင့် လည်းကောင်း ၊ လှူဒါန်းဖွယ်ရာပစ္စည်းအားဖြင့် လည်းကောင်း၊ လှူနည်းအားဖြင့် လည်းကောင်း၊ (ဝိနည်း သိက္ခာပုဒ် ကင်းလွတ်ခွင့် ရခြင်း )အကျိုးအားဖြင့် လည်းကောင်း၊ တစ်ခြားသော ဒါနတို့နှင့် မတူ “ မူ” များစွာ ထူးခြားနေသည်ကို တွေ့ရှိနိုင်ပေသည်။

၁။ တခြားသော ပစ္စည်းတို့ကို လိုအပ်လျှင် မိဘကိုသော်လည်းကောင်း၊ ၊ဆွေမျိုးကိုသော်လည်းကောင်း၊ ဖိတ်မာန် ထားသူ (ရဟန်း ဒကာ ရဟန်း အမ စသူ) တို့ကိုသော်လည်းကောင်း နှုတ်မြွက်၍ အလှူခံ ကောင်း (တောင်းကောင်း )၏။

ကထိန်သင်္ကန်းကိုကား မိဘကိုသော်မှလည်း နှုတ်မြွက်၍ သိစေခြင်းငှာ (အလှူခံခြင်းငှာ) မအပ်ပေ။ တစ်ခြား သူတို့ကိုကား အဘယ်မှာ ဆိုဘွယ်ရာရှိပါတော့အံ့နည်း။ သူ့အလိုလို သဒ္ဓါတရားဖြစ်ပေါ်၍လှူသော ကထိန် သင်္ကန်း ကိုသာ အလှူခံခွင့်ရှိ၏။ အလှူ ခံကောင်း၏။

ကောင်းကင် မှ ကျလာသော သန့်ရှင်း ကြည်လင်သော မိုးရေ မိုးပေါက် ကဲ့သို့သဒ္ဓါ တရား သန့်သန့် လေးဖြင့် လှူသော “ကထိန် သင်္ကန်း” ဖြစ်ရပေမည်။ ယင်းကဲ့သို့သော ကထိန်သင်္ကန်း ကိုပင် “မိုးကျ ကထိန်” ဟုပြောဆိုကြခြင်း ဖြစ်ပေသည်။
(ကထိနံနာမ အတိဥက္ကဋ္ဌံ ဝဋ္ဋတိ ၊ မာတရမ္ပိဝိညာပေတုံ နဝဋ္ဋတိ၊အာကာသတော သြတိဏ္ဏသဒိသမေ၀ ဝဋ္ဋတိ၊)

၂။ ကထိန်သင်္ကန်းသည် တစ်ခြားသော လှူဖွယ်တို့ကဲ့သို့ လှူချင်သည့်အချိန် လှူခွင့် မရပေ၊
သတ်မှတ်ထားသော သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့ မှ တန်ဆောင်မုန်း လပြည့်နေ့ ထိ တစ်လတိတိ အချိန် ကာလအတွင်းသာ လှူခွင့်ရှိ၏။ ( ကထိန်ခင်းခွင့် ရှိ၏ )

ကျန်သော အချိန် များ၌ ကား လှူခွင့် လုံး၀ မရှိပေ၊ ထို့ပြင် ကထိန်သင်္ကန်း သည် တစ်နှစ် မှ တစ်လ၊ တစ်လ မှ တစ်ရက်၊ တစ်ရက် မှ (တစ်ကျောင်း ) တစ်ကြိမ်သာ လှူခွင့်ရှိလေသည်။

၃။ လှူဖွယ်ပစ္စည်းအားဖြင့် ကထိန်ခင်းရန်အတွက် သင်းပိုင်၊ ဧကသီ ၊ ဒုကုဋ် ( နှစ်ထပ် ) သင်္ကန်း တို့တွင် တစ်မျိုးမျို း ဖြစ်ရပေမည်။ ( တခြားသော လှူဖွယ် ပစ္စည်းများ ကို အခြံအရံ အဖြစ် လှူဒါန်းနိုင်ပါသည်။ )

၄။ လှူနည်းအားဖြင့် သံဃိကဒါန အဖြ စ် သံဃာအားသာ လှူဒါန်းရမည်ဖြစ်ပေသည်။
(ပုဂ္ဂိုလ် စွဲဖြင့် ပုဂ္ဂလိက ဒါန အဖြစ် လုံး၀ မလှူကောင်းပေ။ )

သံဃာတော်များက ထိုသင်္ကန်းကို အလှူခံယူပြီး သိမ်အတွင်း၌ ဉတ်ကမ္မဝါ ရွတ်ဖတ်၍ သင့်တော်သည့် ရဟန်းတော် တစ်ပါးပါးအား လှူဒါန်း ရ၏။ ဉတ်ကမ္မဝါရွတ်ဖတ်၍ လှူဒါန်းရသောကြောင့် ကထိန်ခင်းမည့် သင်္ကန်း ကို “ ဉတ်သင်္ကန်း” ဟု ခေါ်ဆိုကြလေသည်။

၅။ အလှူခံသော ရဟန်းသည်လည်း ပုရိမဝါ ကပ်၍ (ဝါမကျိုး မပျက်သော ) သီတင်းကျွတ် လပြည့် နေ့၌ ဝါမှကျွတ်သော ရဟန်းတော်များသည်သာ အလှူခံ ခွင့် ရှိလေသည်။
(ထိုရဟန်း တို့တွင်လည်း ဆင်းရဲနွမ်းပါး ဆုံးဖြစ်သော ရဟန်း ကို ပထမ ဦးစားပေး၍ လှူဒါန်းရမည်ဖြစ်ပေသည်။ ထိုရဟန်းမရှိမှ မထေရ်ကြီး စသည့် ရဟန်း တစ်ပါးပါးအား လှူဒါန်းရမည် ဖြစ်ပေသည်။)

၆။ အကျိုးအားဖြင့် ကထိန်အာနိသင် ရသော (ကထိန် ခံသော ရဟန်းနှင့် အနုမောဒနာပြုသော) ရဟန်းတော် များသည် ဝိနည်း သိက္ခာပုဒ်နှင့် သက်ဆိုင်သည့် ကင်းလွတ်ခွင့် (၅) မျိုးကို သီတင်းကျွတ် လပြည့်ကျော် - ၁ -ရက်နေ့ မှ စ၍ တပေါင်းလပြည့် နေ့ထိ ၅ - လ တိုင်တိုင် ရရှိကြလေသည်။

ရဟန်းတော်များ ရနိုင်သော အကျိုး (၅) ပါး
====================

၁။ မပန် မကြား ၊ လိုရာသွား ၊ ပြစ်များ မသင့်ပြီ။
ဒကာ ဒကာမ တို့၏ အိမ်သို့( မြို့တွင်း ရွာတွင်းသို့ ) သွားလိုသည့်အခါ ထင်ရှားရှိသောရဟန်းကို ခွင့်မပန်ပဲ သွားနိုင်ပါသည် ။
(အကယ်၍ ကထိန်အာနိသင် မရမူ ခွင့်မပန်ပဲသွားလျှင် အာပတ်သင့်၏ )

၂။ သုံးထည် ထဲမှာ ၊ ထားလိုရာ ၊ ထားကာ သွားနိုင်သည်။
တိစီဝရိတ် ဓုတင်ဆောင် ရဟန်းတော် ဖြစ်လျှင် သင်္ကန်း သုံးထည် တို့တွင်(သင်းပိုင် ဧကသီ ဒုကုဋ် )တစ်ထည်ထည်ကို ထားခဲ့ပြီး၍ သွားလိုရာသွားနိုင်ပါသည်။
(အကယ်၍ ကထိန်အာနိသင် မရပဲ သင်္ကန်းတစ်ထည်ထည်ကို ထားခဲ့ပြီး၍ သွားလိုရာသွားလျှင် အာပါတ် သင့်၏ )

၃။ လေးပါး တူပင် ၊ ဂိုဏ်းဘောဇဉ် ၊ စားလျှင် စားနိုင်သည်။
ပင့်ဖိတ်သူ ဒကာ၊ ဒကာမ တို့က အပင့်အဖိတ် မတတ်၍ အရှင်ဘုရား၊ တပည့်တော်တို့အိမ် ထမင်းစားကြွပါ ဘုရား။ မုန့်ဟင်းခါးစား ကြွပါဘုရား၊ စသည်ဖြင့် မအပ်သော အသုံးအနှုံးဖြင့် ပင့်ဖိတ်သော်လည်း ဘုဉ်းပေးခွင့် ရှိ၏၊
(အကယ်၍ ကထိန်အာနိသင် မရပဲ ဘုဉ်းပေးလျှင် အာပါတ်သင့်၏)

၄။ သင်္ကန်းများစွာ ၊ ငါးလမှာ ၊ သိမ်းကာ ထားနိုင်သည်။
မိမိရရှိသော သင်္ကန်းကို အဓိဋ္ဌာန် ဝိကပ္ပနာမပြုပဲ (သင်္ကန်းကာလ- ၅ -လ အတွင်း ) ထားပိုင်ခွင့် ရှိသည်၊
( အကယ်၍ ကထိန်အာနိသင် မရရှိပဲ မိမိပိုင် သင်္ကန်းကို အဓိဋ္ဌာန် ဝိကပ္ပနာ မပြုပဲ ထားရှိပါက - ၁၀ - ရက်ကျော်လျှင် အာပါတ်သင့်၏။ )

၅။ သံဃာ လှူငြား ၊ သင်္ကန်း များ ၊ သူအားသာ ဖြစ်သည်။
ကထိန်ခင်းသောကျောင်း၌ သင်္ကန်းဖြစ်ပေါ်လာတိုင်း ကထိန် ခင်းသော(ကထိန် အာနိသင်ရသော) ရဟန်း တို့ပိုင်ဆိုင်ခွင့် စိတ်ကြိုက် ဝေဖန်ခွင့် ရှိသည်။
(အကယ်၍ ကထိန်အာနိသင် မရပဲ ထိုကဲ့သို့စိတ်ကြိုက် ဝေဖန်လျှင် အာပါတ်သင့်နိုင်၏ )။

ကထိန်သင်္ကန်း လှူဒါန်းကြသော အလှူရှင်များ မှာလည်း အကျိုးထူးများ
====================
လှူသူမှာလည်း၊ နည်းတူပဲ ၊ ရမြဲကျိုးငါးမည် ။

၁။ တားဆီးကင်းကွာ ၊ လွတ်လပ်စွာ ၊ လိုရာသွားနိုင်သည် ။
မိမိသွားလိုရာ အရပ်သို့ အဆီးအတား အပိတ်အပင် အနှောင့်အရှက် မရှိ လွတ်လွတ် လပ်လပ် သွားလာနိုင်သည်။

၂။ တာဝန် ကိစ္စ၊ မလေးရ၊ ပေါ့လှလေတော့သည် ။
မည်သည့်ကိစ္စပဲ ဆောင်ရွက်ဆောင်ရွက် တာဝန်ကြီးလေးသည်ဟု မရှိ ၊ပေါ့ပေါ့ ပါးပါးဖြင့် အောင်မြင်အောင်ဆောင် ရွက်နိုင်သည်။

၃။ စားလိုရာများ ၊ စားသော်ငြား ၊ ဘေးကား မဖြစ်ပြီ။
မည့်သည့် အစားအစာကိုပဲ စားစား အစား အသောက်ကြောင့် ဘေးဖြစ်ခြင်း ၊ အစာအဆိပ်သင့်ခြင်း မဖြစ်နိုင်။
(အစာကို ကြေညက် အောင် ချေဖျက်နိုင်သော ပါစက ဝမ်းမီးနှင့် ပြည့်စုံသည်။)

၄။ ပစ္စည်းအများ ၊ သိမ်းပိုက်ထား ၊ ဘေးကား မရှိပြီ။
မိမိပိုင်ဆိုင်သော ပစ္စည်းမျာ း ပျက်စီးအောင် ဖျက်ဆီးတတ်သော ဘေးရန်များ မကျရောက်နိုင်။

၅။ ကိုယ့်ပစ္စည်းများ ၊ သူတစ်ပါး ၊ ယူသွား ကင်းပသည် ။
မိမိ ပိုင်ဆိုင်သော ပစ္စည်းဥစ္စာ များကို မိမိက မပေးပဲ မည်သူတစ်ဦးတစ်ယောက်မျှ မယူနိုင် ၊ မသိမ်းပိုက်နိုင်။
ကထိန် ဒကာ၊ ကျိုးငါးဖြာ၊ ကောင်းစွာ ရနိုင်သည်။

ထို့ပြင် ကထိန်သင်္ကန်း လှူဒါန်းသော အလှူ ရှင်များမှာ
၁။ ရွှေ အဆင်းကဲ့သို့ ဝါဝင်းသော အသား အရေရှိခြင်း၊
၂။ ခန္ဓာကိုယ် ၌ ( မြူ စသော ) အညစ် အကြေး ကင်းစင်ခြင်း၊ ( အလှဖျက် အနာ အဆာ မရှိခြင်း ) ၊
၃။ ခန္ဓာကိုယ်နူးညံ့ပြေပြစ်ခြင်း၊
၄။ ကိုယ်ရောင်ကိုယ်ဝါ တောက်ပခြင်း၊
၅။ ညိုရွှေဖြူနီစသော ခေတ်ပေါ် အဝတ် အထည် အမျိုးမျိူးကို ဆင်မြန်းခွင့် ဝတ်ဆင်ခွင့်ရခြင်း၊
၆။ ကျောင်းအမကြီး ဝိသာခါ စသူတို့ကဲ့သို့ မဟလ္လတာ တန်ဆာ ကို ဆင်မြန်းခွင့် ရရှိခြင်းတို့ နှင့်
၇။ အရဟတ္တ ဖိုလ်ပေါက် နိဗ္ဗာန် မျက်မှောက်ပြုနိုင်ခြင်း

ဟူသော သင်္ကန်း လှူရခြင်း အကျိုးတရား များစွာ တို့ကိုလည်း ရရှိနိုင် ပေသည်။

ကထိန် သင်္ကန်းဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း
====================

သုံးလောက ထွဋ်ထား ရှင်တော်မြတ်ဘုရား သည် သာသနာပြုရာ၌ ဗဟိုဌာနချုပ် သဖွယ်ဖြစ်သော သာဝတ္ထိပြည် အနာထပိဏ် သူဌေး (သူဌေးကတော် ပုညလက္ခဏဒေဝီ) ဆောက်လုပ် လှူဒါန်းအပ်သော
ဇေတဝန် ကျောင်းတော်ကြီး ၌ သီတင်းသုံးနေတော်မူ၏။

ထိုစဉ် အခါ တောရကျောင်း၌ သီတင်းသုံး နေထိုင်ခြင်း ၊
*အာရည က ဓုတင်၊ ဆွမ်း ခံ၍ဘုဉ်းပေးခြင်း ၊
*ပိဏ္ဍပါတ် ဓုတင်၊ လူတို့က မသုံး လို၍ အမှိုက်ပုံ စသည်၌ စွန့်ပစ် ထားသော မြေမှုန့် အလိမ်းလိမ်း ကပ်ငြိနေသော အဝတ်စုတ်ကို သင်္ကန်းချုပ် ဆိုးကာဝတ်ရုံ သုံးဆောင်ခြင်း ၊
*ပံသူကူ ဓုတင်၊ သင်းပိုင် ဧကသီ ဒုကုဋ်ဟူသော သင်္ကန်းသုံးထည်ကို အမြဲဆောင်ခြင်း ၊
*တိစီဝရိက် ဓုတင်၊ ယင်း ဓုတင် အကျင့်မြတ်တို့ကို ကျင့်သုံးကြသော ဘဒ္ဒဝဂ္ဂီ ညီနောင် သုံးကျိပ်တို့သည် ရှင်တော်မြတ်ဘုရားကို ဖူးမြင်ရန် သာဝတ္တိပြည် ဇေတဝန်ကျောင်းတော် သို့လာကြရာ ဝါဆိုရက် နီးကပ်နေ၍ သာဝတ္ထိ ပြည် သို့လည်း ဝါဆိုရန် မမှီတော့သည့်အတွက် လမ်းခရီးအကြား သာဝတ္တိ ပြည်နှင့် ခြောက် ယူဇနာဝေးသော (တစ်ယူဇနာ- ၈ -မိုင်နှုန်း) သာကေတမြို့၌သာ ဝါဆိုကြရရှာလေသည်။

ထိုရဟန်းတော် သုံးကျိပ်တို့သည် ရှင်တော်မြတ် ဘုရားနှင့် “နီးလျှက် နဲ့ဝေး” ဖြစ်နေကြသောကြောင့် မပျော်ပိုက်ပဲ တစ်ဝါတွင်းလုံး နေကြရလေသည်။

ဝါကား ကျွတ်လေပြီ၊ သို့သော် မိုးကား မလွတ် သေးပေ၊ မိုးလွတ်သည် ထိလည်း အချိန်ကုန်ခံ၍ စောင့်မနေနိုင်တော့ပေ၊ ထို့ကြောင့် ဝါကျွတ်၍ ပဝါရဏာပြုပြီးသည်နှင့် တပြိုင်နက် မိမိတို့ ဝါဆိုရာ သာကေတ မှ ဘုရားရှင် သီတင်းသုံးရာ သာဝတ္ထိသို့ မိုးထဲရေထဲ ရွှံထဲ ဗွက်ထဲမှာပင် ဘုရားရှင်ကို ဖူးမြင်ရန် ဆန္ဒ ပြင်းပြကြသဖြင့် မိုးရေ စိုရွှဲ ပင်ပန်း ဆင်းရဲစွာ ကြွတော်မူကြရလေသည်။

ဘုရားရှင်ထံမှောက် ရောက်ကြ၍ လက်အုပ်ချီမိုး ရှိခိုးကြပြီး သင့်တော်ရာ၌ ထိုင်နေကြသော
ထို ဘဒ္ဒ ဝဂ္ဂီ ညီနောင်သုံးကျိပ်တို့အား ဘုရားရှင် က“ရဟန်းတို့ အသို့နည်း၊ ကျန်းမာကြကုန်၏လော၊ မျှတကြကုန် ၏လော၊ အညီ အညွတ် ဝမ်းမြောက် ဝမ်းသာ မငြင်းခုံဘဲ ချမ်းသာစွာ ဝါကပ် ခဲ့ကြပါကုန်၏လော၊ ဆွမ်းအတွက် မပင်ပမ်းပဲ ရှိကြပါကုန်၏လော”ဟု မေးမြန်းတော်မူရာ၊

ရဟန်းတော်များက........
“ ကျန်းကျန်း မာမာ မျှမျှ တတ ညီညီ ညွတ်ညွတ် နှင့် နေခဲ့ကြရပါသည် ၊ ဆွမ်း အတွက်လည်း မပင်ပမ်းပဲ ရှိကြပါသည်။ သို့သော် သာဝတ္ထိသို့ ဝါဆိုမှီရန် လာကြပါသော်လည်း ဝါဆိုရက် နီးကပ်လွန်းသဖြင့် လမ်းခရီးအကြား သာကေတ၌သာ ဝါဆိုခဲ့ကြရပါသည်၊ ဝါကျွတ် ၍ ပဝါရဏာပြုပြီးသည် ဆိုရင်ပဲ မိုးထဲ ရေထဲ ရွှဲ့ထဲ ဗွက်ထဲ စိုရွှဲသော သင်္ကန်း များဖြင့် ပင်ပင် ပမ်းပမ်း လာခဲ့ကြရပါသည်ဘုရား " ဟုအကြောင်းစုံကို ရှင်တော်မြတ်ဘုရားအား လျှောက်ထားကြလေသည်။

ထိုပါဝေယျက တိုင်းသား ရဟန်းတော် တို့၏ နှစ်ထပ်သင်္ကန်း ကိုယ်စီ ဆောင်ထားကြလျှက် မိုးထဲရေထဲ ရွှွံ့ထဲ ဗွက်ထဲ ၌ မိုးရေများ စိုရွှဲကာ ပင်ပမ်း ဆင်းရဲကြီးစွာဖြင့် လာကြရသည်ကို အကြောင်းပြု၍
“ အနုဇာနာမိ ဘိက္ခေ၀ ဝဿံ ဝုဋ္ဌာနံ ဘိက္ခူနံ ကထိနံ အတ္ထရိတုံ၊

ရဟန်းတို့ ဝါကျွတ်သော ရဟန်း တို့အား ကထိန်ခင်းခြင်းငှာ ခွင့်ပြု၏ ”
ဟု အစရှိ သည်ဖြင့် ကထိန် ခင်းခြင်း (ကထိန် သင်္ကန်း) ကို ရှင်တော်မြတ်ဘုရား ခွင့်ပြုတော်မူပါသည်။

၁။ ဥစ္စာဓန၊ ပေါကြွယ်ဝလည်း၊ လောဘ စုံမက်၊ မလှူရက်က၊ တသက်လျှာ လူဖြစ်နာ၏။
၂။ ဘုရား သာသနာ၊ ကြုံတွေ့ပါလည်း၊ ကောင်းစွာသီလ၊ မတည်ကြလျှင်၊ ဘဝတွက်တာ လူဖြစ်နာ၏။
၃။ သူတော် တရား၊ နာရငြားလည်း၊ လေးစားကြိုးကုတ်၊ အားမထုတ်က၊ ဆုတ်ယုတ်သင့်မှာ လူဖြစ်နာ၏။
၄။ ဗုဒ္ဓ တရား၊ ရှိနေငြားလည်း၊ အမှားနှစ်ခြိုက် လမ်းလွဲလိုက်က၊ အမိုက်ထိပ်ဆုံး လူဖြစ်ရှုံး၏။
၅။ လက်ရှိ ဘဝ၊ မရှုံးရအောင်၊ ဒါန သီလ၊ ဘာဝနာ ကို၊ မကွာနေ့ည၊ ကြိုးစားနိုင်ကြပါစေ။


>ဘုရားမှာစိန်ကျောင်းမှာသိမ်သင်္ကန်းမှာကထိန်
>အရှင်ကိတ္တိဇယ