ကြာပန်းလှူခြင်းအကျိုး

ကြာပန်းလှူဒါန်းခြင်းဖြင့် ရရှိမယ့်ကုသိုလ် အကျိုးတွေကတော့

 ကောင်းစွာတန်ဆာဆင်အပ်သော
နတ်သမီးရှစ်သောင်း ခြောက်ထောင်တို့
ညအခါ နံနက်အခါတို့၌ဆည်းကပ်ခစားခံရခြင်း

 လူ့ဘဝရောက်သောအခါ ချမ်းသာကြွယ်ဝသူဖြစ်၍ စည်းစိမ်ဥစ္စာများ ဆုတ်ယုတ်မှု မရှိခြင်း။

 ကြာစွယ်လှူသည့်အချိန်မှစ၍ ကမ္ဘာတစ်သိန်း
ဒုဂ္ဂတိဘဝသို့မရောက်ခြင်း။

နောက်ဆုံးဘဝ၌ ကိလေသာကုန်ခမ်းရဟန္တာဖြစ်ခြင်း တို့ဖြစ်ပါတယ်။

“ကြာဆိုတာ မကြာခြင်းရဲ့ သင်္ကေတ၊ အကျိုးပေး မြန်ခြင်းရဲ့သင်္ကေတပါ”

ကြာလှူ ရင်၊ ကြာနဲ့ ပတ်သက်ရင် ပစ္စုပ္ပန်လုပ်ငန်း ကိစ္စတွေမှာ ကြန့်ကြာ တတ်တယ် ဆိုတာလည်း
မဟုတ်ပါဘူး။ ကြာလှူ မိလို့၊ ကြာနဲ့ ပတ်သက်မိလို့ ပစ္စုပ္ပန်အကျိုးပေး မြန်ဆန်သွားတဲ့ သာဓကတွေအများကြီး ရှိပါတယ်။

ကြာပန်း လှူတယ်ဆိုတာ “ကုသိုလ်” ပါ။ ကုသိုလ် ကိစ္စတွေမှာ ကြာပန်း အသုံးပြုတယ် ဆိုတာလည်းကုသိုလ်ပါ။ ကုသိုလ်ဟာ ကောင်းကျိုးကိုပဲ ပေးပါတယ်။ ကုသိုလ် စေတနာအား ကောင်းရင် ကောင်းသလောက် ၊ပစ္စုပ္ပန်ဘဝမှာကိုပဲ အကျိုးပေးမြန်ပါတယ်။ ကြာပန်း လှူတဲ့ ကုသိုလ်က ကြာပန်း အလှူရှင်ကို အကျိုးပေး မကြာအောင် ကူညီစောင့်ရှောက်နိုင် ပါတယ်။ စေတနာ အရှိန်၊ စေတနာအား ပြင်းပြထက်သန်ဖို့သာ အဓိကပါ။

စာဖတ်သူများအတွက် ကြာပန်းလှူရခြင်းနှင့် ပတ်သက်ပြီး အကြောင်းအရာတစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။

ကဿပဘုရားရှင် လက်ထက်တုန်းက ကုဋေရှစ်ဆယ် ကြွယ်ဝတဲ့ သူဌေးသမီးတစ်ဦး ရှိခဲ့ဖူးပါတယ်။ အချိန်တန် အရွယ်ရောက်တဲ့အခါ မိဘတွေက အမျိုးတူ၊ စည်းစိမ်တူ သူဌေးသားတစ်ဦးနဲ့ မိဘဝတ္တရားအတိုင်း ထိမ်းမြား လက်ထပ်ပေး လိုက်ပါတယ်။“သျှောင်နောက် ဆံထုံးပါ” ဆိုတဲ့အတိုင်း သူဌေးသမီးက သူဌေးသား အိမ်ကို လိုက်သွားရတာဆိုတော့ သူဌေးသား အိမ်တံခါးဝက တံခါးခုံမှာ သူဌေးသမီးခြေစုံရပ်မိတယ်ဆိုရင်ပဲ သူဌေးသမီးရဲ့ ခန္ဓာကိုယ်က မစင်အပုပ်နံ့တွေ တထောင်းထောင်း ထွက်လာပါတယ်။ အဖုံးပိတ်ထားတဲ့ မစင်အိုးကို အဖုံးဖွင့်လိုက်သလို အနံ့ဆိုး၊ အနံ့ပုပ်ကြီးတွေ မခံမရပ်နိုင်လောက်အောင် လှိုင်ထွက်လာပါ တယ်။

အပုပ်နံ့ထွက်လို့မိဘထံ ပြန်အပ်ခံရ၊ နောက်တစ်ယောက် နောက်တစ်ယောက် ၊နောက်ထပ် ခြောက်ယောက် လုံးနဲ့လည်း ဒီအတိုင်းပဲ ထပ်တူဖြစ်တဲ့ အတွက် မင်္ဂလာသာ ဆောင်လိုက်ရ တယ်။ ဘယ်ယောက်ျားနဲ့မှ ပေါင်းသင်းခွင့် မရပါဘူး။

ကိုယ့်အိမ်မှာ ကိုယ့်ဘာသာကို နေရင် အကောင်း၊ အပုပ်နံ့မှ မထွက်ပါဘူး၊ သတို့သားအိမ်ပေါက် ရောက်ပြီ ဆိုတာနဲ့ မစင်နံ့၊ အပုပ်နံ့က လှိုင်ချင်တိုင်း လှိုင်ပြီး ဒုက္ခပေးတော့တာပါပဲ။ အတိတ်ဘဝတစ်ခုက ပြုခဲ့တဲ့ အကုသိုလ်ကံတစ်ခုက သူ့ကို အကျိုးပေးတာပါ။

အတိတ်ဘ၀ တစ်ခုတုန်းက တစ်အိမ်တည်း အတူနေ ယောက်မ(ခင်ပွန်းသည်ရဲ့နှမ) ဖြစ်သူနဲ့ စကားများ ရန်ဖြစ်နေတုန်း ပစ္စေကဗုဒ္ဓါတစ်ပါး ဆွမ်းခံကြွလာပါတယ်။ ယောက်မဖြစ်သူက ဆွမ်းလောင်းပြီး “ဒီကောင်း မူကြောင့် ဒီလို မိုက်မဲတဲ့ မိန်းမမျိုးနဲ့ ဘယ်တော့မှ မဆုံတွေ့ပါရစေနဲ့၊ ယူဇနာတစ်ရာ အဝေးကနေ ရှောင် ကွင်းနိုင်တဲ့ သူ ဖြစ်ရပါစေ”လို့ သူမကိုရည်ညွှန်းပြီး ဆုတောင်းလိုက်ပါတယ်။

ယောက်မရဲ့ ဆုတောင်း မပြည့်စေချင်တဲ့အတွက် “ဒီကောင်မလှူတဲ့ဆွမ်း ပစ္စေကဗုဒ္ဓါ မဘုဉ်းပေးစေရဘူး”ဆိုပြီး ပစ္စေကဗုဒ္ဓါအရှင်မြတ်ရဲ့ လက်ထဲက သပိတ်ကို အတင်းလုယူ၊ ဆွမ်းတွေကို သွန်ပစ်လိုက်ပြီး ရွှံ့ပုပ်တွေ သပိတ်အပြည့် ထည့်ပေးလိုက်ပါတယ်။

ပစ္စေကဗုဒ္ဓါရဲ့ သပိတ်ထဲ ရွှံ့ညွှန်ပုပ်တွေ လောင်းထည့် ခဲ့တဲ့ အကုသိုလ်ကံရဲ့ အကျိုး ဆက်ကြောင့် ယောက်ျား ရလို့ ယောက်ျားအိမ် လိုက်သွားတိုင်း ယောက်ျား အိမ်ရောက်တာနဲ့ ခန္ဓာကိုယ်က မစင်အုပ်နံ့တွေ လှိုင်ထွက်ခဲ့ရပါတယ်။

“ယောက်ျား ခုနှစ်ယောက်ရဲ့ အစွန့်ပစ်ခံဖြစ်တဲ့ ငါ့ဘ၀ ဘာမှ အဓိပ္ပာယ်မရှိတော့ဘူး၊ ခန္ဓာကိုယ်ကို အလှပြင်ပြီး၊ လက်ဝတ်တန်ဆာတွေ စင်မြန်းနေလည်း အလကားပဲ၊ ဘာမှ အကျိုးမထူးတော့ဘူး” လို့ နှလုံးသွင်းပြီး သူမရဲ့ လက်ဝတ်တန်ဆာ ရွှေငွေရတနာ တွေကို အကုန်ရောင်းချ ပစ်လိုက်ပါတယ်။ ရတဲ့ ပိုက်ဆံနဲ့ အလျားတစ်ထောင်၊ အနံတစ်ထွာ၊ အထုလက်လေးသစ်ရှိတဲ့ ရွှေအုတ်တစ်ချပ်သွန်းလုပ်ပြီး ကဿပဘုရားရှင်ရဲ့ ဓာတ်တော်ဌာပနာထားတဲ့ စေတီတော် တည်ဆောက်ရေး လုပ်ငန်းမှာ လှူဒါန်းလိုက် ပါတယ်။

ရွှေအုတ်ကို ကိုယ်ကိုယ်တိုင် ဘုရားပေါ်တက်စီပြီး ရွှေအုတ်ပေါ်မှာ ကြာပန်းရှစ်ပွင့်လည်း တင်လှူပူဇော် လိုက်ပါတယ်။“ကြာပန်း လှူဒါန်းရတဲ့ ကောင်းမူကြောင့် ဖြစ်လေရာဘဝတိုင်း ခန္ဓာကိုယ်က စန္ဒကူးနံ့၊ အာခံတွင်းက ကြာညိုနံ့ သင်းပျံ့ပါစေ”လို့လည်း ဆုတောင်း လိုက်ပါတယ်။

သူဌေးသမီး ရွှေအုတ်နဲ့ကြာပန်း လှူဒါန်းပြီးပြီးချင်း တစ်ခဏတည်း၊ တစ်ချိန်တည်းမှာပဲ ပထမဆုံး လက်ထပ် ခဲ့တဲ့ သူဌေးသားက သူမကို ချက်ချင်း ရုတ်တရက်ကြီး အပြင်းအထန် သတိရသွားပါတယ်။ ကြာပန်းလှူရတဲ့ ကုသိုလ်က သူဌေးသားရဲ့ နှလုံးသားကို ချက်ချင်း အရှိန်ဟပ် ဓာတ်ခိုက်သွားတာပါ။

တပည့်တွေကို စုံစမ်းခိုင်းလို့ အပျိုဘဝနဲ့ပဲ မိဘအိမ်မှာ နေနေတယ်ဆိုတာ သိတာနဲ့ သူဌေးသားက ချက်ချင်း ဒုတိယအကြိမ် တောင်းရမ်း လက်ထပ်ပြီး အိမ်ကို ခေါ်လာပါတယ်။

သူဌေးသားအိမ်ထဲ သူဌေးသမီး ဝင်လိုက်တာနဲ့ တစ်ပြိုင်နက် တစ်အိမ်လုံး စန္ဒကူးနံ့သာတွေ၊ ကြာညို ပန်းနံ့တွေ သင်းပျံ့ကြိုင်လှိုင် သွားပါတယ်။ အပုပ်နံ့မထွက်တော့ဘဲ အမွှေးနံ့ ထွက်နေတဲ့ သူဌေးသမီးကို သူဌေးသားကလည်း ရာသက်ပန် ရိုးမြေကျ ချစ်ကြင်မြတ်နိုးစွာ ပေါင်းသင်း သွားပါတယ်။

သူဌေးသားဆိုတာ တခြားမဟုတ်ပါဘူး။ အရှင်မဟာ ကဿပမထေရ်(ပိပ္ပလိလုလင်) အလောင်းအလျာပါ။ သူဌေးသမီး ဆိုတာလည်း တခြားမဟုတ်ပါဘူး။ သဒ္ဒါကာပိလာနီထေရီ(မယ်ဘဒ္ဒါ) အလောင်းအလျာပါ။

မယ်ဘဒ္ဒါအလောင်း သူဌေးသမီး ကြာပန်းလှူရတဲ့ ကုသိုလ်ကြောင့် အကျိုးပေး မကြာခဲ့ပါဘူး။ ချက်ချင်းကြီး ကို အကျိုးပေးခဲ့တာပါ။ နာရီမဆိုင်း၊ မိနစ်မဆိုင်းကြီးကို အကျိုးပေးခဲ့တာပါ။ အကျိုးပေးမြန်လိုက်တာ မပြောပါနဲ့တော့။ “မြန်ချက်ကတော့ ကမ်းကုန်ပဲ”လို့တောင် ပြောရမှာပါ။

ကြာလှူရတဲ့ ကုသိုလ်၊ ကြာနဲ့ ဆက်စပ်နေတဲ့ ကုသိုလ်ကြောင့် သံသရာမှာလည်း မကြာသလို၊ ပစ္စုပ္ပန် လုပ်ငန်း ကိစ္စတွေမှာလည်း မကြာပါဘူး။ ကြာဆိုတာ ကြာခြင်းရဲ့ သင်္ကေတ မဟုတ်ပါဘူး။ မြန်ခြင်းရဲ့ သင်္ကေတပါ။

ကြာပန်း လှူတာလည်း ကုသိုလ်ပဲ။ တရားစာအုပ် မျက်နှာဖုံးမှာ ကြာပန်းပုံရေးဆွဲ ပူဇော်တာလည်း ကုသိုလ်ပဲ၊ ကြာရိုးဟင်းချို ချက်လှူတာလည်း ကုသိုလ်ပဲ၊ ကြာသင်္ကန်း ရက်လှူတာလည်း ကုသိုလ်ပဲ၊ ကုသိုလ်ရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ကြာပန်း၊ ကြာဖူး၊ ကြာရိုး၊ ကြာစွယ်၊ ကြာဥ၊ ကြာစေ့၊ ကြာချည်၊ ကြာမျှင်… ကြာထွက်ပစ္စည်းတွေ ဘာပဲသုံးသုံး အဲဒါတွေလည်း ကုသိုလ်ပါပဲ။

ကြာနဲ့ ပတ်သက်တဲ့ ကုသိုလ်၊ ဘာကုသိုလ်ပဲ ပြုပြု ပစ္စုပ္ပန်မှာလည်း အကျိုးပေးမကြာပါဘူး။ သံသရာမှာ လည်း အကျိုးပေး မကြာပါဘူး။ ပစ္စုပ္ပန်မှာလည်း အကျိုးပေးမြန်၊ သံသရာမှာလည်း အကျိုးပေးမြန်တဲ့အပြင် သံသရာ ဝဋ်ဆင်းရဲကလည်း အမြန်ဆုံး လွတ်မြောက်နိုင်ပါတယ်။

ကြာဆိုတဲ့ စကားလုံးထဲမှာ မကြာတတ်တဲ့ သတ္တိရှိလို့ မကြာတာ မဟုတ်ပါဘူး။ ကြာလှူတဲ့ ကုသိုလ်ကောင်း မှုမှာ မကြာတတ်တဲ့ သတ္တိရှိလို့ မကြာတာပါ။ ကြာလှူတဲ့ ကုသိုလ်မှာမှ မဟုတ်ပါဘူး။ ဘယ်ကုသိုလ်မှာမဆို မကြာတတ်တဲ့ သတ္တိ ရှိတာပါပဲ။ ကုသိုလ် စေတနာအား ပြင်းထန်ခြင်း၊ မပြင်းထန်ခြင်း၊ အတိတ်၊ ပစ္စုပ္ပန် အကြောင်းတရားမျိုးစုံ ညီညွတ်ခြင်း၊ မညီညွတ်ခြင်းနဲ့ပဲ သက်ဆိုင်ပါတယ်။

“ကြာတတ်တာတွေ၊ မကြာစေဖို့၊ ကြာတွေလှူကာ၊ ဆုတောင်းပါသည်၊ မကြာခင်ပဲ ပြည့်ပါစေ”ဆိုတဲ့ ကဗျာလေး တစ်ပုဒ်တောင် ငယ်ငယ်တုန်းက ကြားဖူးပါတယ်။

ဒါပေမဲ့ တကယ်တော့ “ကြာ”ဆိုတဲ့ စကားလုံးပါတဲ့ ပစ္စည်းဝတ္ထုကို သူများပေးလိုက်မှ ကိုယ့်ဆီမှာ “မကြာတတ် တဲ့သဘော”ရှိလာတာ မဟုတ်ပါဘူး။ ဘာပစ္စည်းဝတ္ထုပဲ သူများပေးပေး၊ စေတနာသန့်သန့် နဲ့ ပေးမယ်၊ စေတနာထက်ထက်နဲ့ ပေးမယ်ဆိုရင် ကိုယ့်ဆီမှာ “မကြာတတ်တဲ့သတ္တိ”တွေ ကိန်းဝပ်လာတာ ပါပဲ။ စေတနာသန့်ရင် သန့်သလောက်၊ စေတနာထက်ရင် ထက်သလောက် ကောင်းကျိုးချမ်းသာတွေ မကြာခင် အချိန်ပိုင်းအတွင်းမှာ ပြည့်စုံ လာတာပါပဲ။

စိတ်စေတနာ အားနည်းစွာနဲ့ ကုသိုလ်ကောင်းမှုကို မလုပ်ချင် လုပ်ချင် လေးလေးတွဲ့တွဲ့ လုပ်ခဲ့တဲ့သူဟာအကျိုးပေး ကြန့်ကြာပါတယ်။ အကျိုးပေး နှေးကွေးပါတယ်။ စိတ်စေတနာ ထက်ထက်သန်သန်နဲ့ ကုသိုလ်ကောင်းမှုကို အားရပါးရ တက်တက်ကြွကြွ လုပ်ခဲ့တဲ့သူဟာ အကျိုးပေး မကြန့်ကြာပါဘူး။ အကျိုးပေး မြန်ဆန်ပါတယ်။ဒါကြောင့် မင်းသိင်္ခမိသားစုမှ ကြာပန်းလှူရကုသိုလ်အကြောင်းကို ဗဟုသုတအနေနှင့် ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ

"ခုနှစ်ရက်သားသမီးအပေါင်း ဘေးဘယကင်းဝေးပြီး ကိုယ်၊ စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေ"

(ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)】၏ “ကြာလိုလူ” နှာ ၄၈- ၅၅ မှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။)