အိမ်ဂေဟာနှင့်ပတ်သက်တဲ့ ဗဟုသုတရဖွယ်ရာ မြန်မာတို့ရဲ့ ရှေးအယူအဆများ.....

” ရှေးသုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမကြွယ်နဲ့ ဆိုတဲ့” မြန်မာစကားပုံအတိုင်း အိမ်တစ်လုံးဆောက် တော့မယ်ဆိုရင် အဖြစ်မနေသိထားသင့်တဲ့ အိမ်ပတ်ဝန်းကျင်တွင် မစိုက်အပ်သောအပင်များ၊ အိမ်ဆောက်ရက်ရွေးနည်း၊ အိမ်ဆောက်လရွေးနည်း မသုံးအပ်သောသစ် (၈)မျိုး အိမ်၊ကျောင်း ဆောက်ရာတွင်မသုံးအပ်သော သစ် (၁၁)မျိုး အိမ်၊ကျောင်း ဆောက်ရာတွင် မပြုအပ်သောအရာများကို ဖော်ပြပေးပါသွားမှာပဲဖြစ်ပါတယ်။

အိမ်ပတ်ဝန်းကျင်တွင်မစိုက်အပ်သောအပင်များ
⁕⁕⁕⁕⁕⁕⁕ ⁕⁕⁕⁕⁕⁕⁕⁕ ⁕⁕⁕⁕⁕⁕⁕⁕
■ အိမ်၏အရှေ့မျက်နှာဘက်တွင် ညောင်၊ သပြေပင်များမစိုက်ရ။ စီးပွားပျက်တတ်သည်။
■ အနောက်ဘက်တွင် လက်ပံပင်၊ထိန်ပင်
■ တောင်ဘက်တွင် သျှစ်သျှားပင်၊ ဖီးခြမ်းငှက်ပျော၊ သင်္ဘောပင် များ
■ မြောက်ဘက်တွင် ထန်းပင်၊ ဆန်းပင်၊ သဖန်းပင်နှင့် သျှစ်သျှားပင်
■ အဆိုပါအပင်များသည် ဖော်ပြပါအရပ်မျက်နှာများတွင်ရှိနေပါက စီးပွားယုတ်မည်။ ရောပါဘယထူပြောမည်။ အိမ်တွင်းအိမ်ပြင် ဆူပူတတ်သည်။ အလိုလျောက်ရှိနေပါကလည်း နှုတ်ပစ်၊ခုတ်ပစ်သင့်ပါသည်။

အိမ်ဆောက်ရက်ရွေးနည်း
⁕⁕⁕⁕⁕⁕⁕ ⁕⁕⁕⁕⁕⁕⁕⁕
■ တနင်္ဂနွေနေ့ ဒုက္ခဆင်းရဲရောက်တတ်သည်။
■ တနလာၤနေ့ နှစ်လမြောက်တွင် သားသမီးဖွားမြင်သော် ချမ်းသာကြွယ်ဝမည်။
■ အင်္ဂါနေ့ ဆန်ရေစပါး ပေါများကြွယ်ဝမည်။
■ ဗုဒ္ဓဟူး၊စနေနေ့ သုခချမ်းသာရမည်။
■ ကြာသာပတေးနေ့ ချမ်းသာကြွယ်ဝမည်။
■ သောကြာနေ့ သုံးလကြာလျှင် သုခပွားမည်။

အိမ်ဆောက်လရွေးနည်း
⁕⁕⁕⁕⁕⁕⁕ ⁕⁕⁕⁕⁕⁕⁕⁕
■ တန်ခူးလ ချမ်းသာကြွယ်ဝမည်။
■ ကဆုန်လ ဆန်ရေစပါး ပေါကြွယ်ဝမည်။
■ ဝါခေါင်လ ဥစ္စာတိုးပွားမည်။
■ နတ်တော်လ ထင်ပေါ်ကျော်စောမည်။
■ ပြာသိုလ လူအများချီးမွမ်းမှုရမည်။
■ တပေါင်းလ ချမ်းသာကြွယ်ဝမည်။
ကျန်ခြောက်လတွင် ဆောက်ပါကပျက်စီးခြင်းများကြုံရတတ်သည်။

ယနေ့ခေတ်မှာအိမ်ကို သစ်သားအခြေပြုပြီး မဆောက်တော့သလောက် ပါဘဲ။ ဒါပေမယ့်အတွင်းပိုင်း အလှဆင်တာမျိုးတို့ ၊ ပရိဘောဂတွေမှာတော့ တွင်တွင်ကျယ်ကျယ် သုံးနေကြသေးတာကြောင့် သစ်ဟာအိမ်တစ်အိမ်ရဲ့ အဓိကပါဝင်ပစ္စည်းဖြစ်နေပါသေးတယ်။ ရှေးမြန်မာလူကြီးများကတော့ အိမ်နဲ့ပက်သက်ရင် သစ်ကိုအလွန်စိစစ်ပါတယ်။ ဗဟုသုတအလို့ငှာ သိသလောက်ဖော်ပြပေးလိုက်ပါတယ်။

မသုံးအပ်သောသစ် (၈)မျိုး
⁕⁕⁕⁕⁕⁕⁕ ⁕⁕⁕⁕⁕⁕⁕⁕
(၁) ။ခုတ်ဖြတ်စဉ် တွဲလွဲကျနေသောသစ်(သစ်ဆွဲချ)
(၂) ။သစ်ခွသစ်ကိုင်းကြားတို့တွင် တင်နေသောသစ်(လူကောင်တင်)
(၃) ။အဖျားကြီး၍ အရင်းရှူးသောသစ် (သစ်ဘီလူး)
(၄)။အရင်းအဖျားရှူး၍ အလယ်တွင်ကြီးသောသစ်(သစ်နပုန်း)
(၅)။ လမ်းကူးချောင်းကူးသစ် (သစ်တံတား (ခ) သစ်လမ်းကူး)
(၆)။ အပင်ချင်းအကိုင်းချင်းကြိတ်သောသစ်(သစ်ကြိတ်)
(၇)။ အပင်တွင်နွယ်ရစ်ပတ်နေသောသစ် (သစ်နဂါး)
(၈)။ မျက်ရည်ပေါက်ကဲ့သို့ အကွက်ထနေသောသစ် (သစ်စည်ယို)

အိမ်၊ကျောင်း ဆောက်ရာတွင်မသုံးအပ်သော သစ် (၁၁)မျိုး
⁕⁕⁕⁕⁕⁕⁕⁕ ⁕⁕⁕⁕⁕⁕⁕⁕ ⁕⁕⁕⁕⁕⁕⁕⁕
(၁)။ မိကျောင်း
(၂)။ မအူ
(၃)။ သခွတ်
(၄)။ ညောင်
(၅)။ သျှစ်သျှား
(၆)။ သီး(သား)
(၇)။ သပြေ
(၈)။ သစ်စိမ်ရေသား
(၉)။ ကလော
(၁၀)။ လက်ပံ
(၁၁)။ လဲ

အိမ်၊ကျောင်း ဆောက်ရာတွင်မပြုအပ်သော အရာများ
⁕⁕⁕⁕⁕⁕⁕⁕ ⁕⁕⁕⁕⁕⁕⁕⁕ ⁕⁕⁕⁕⁕⁕⁕⁕
(၁)။ တိုင်ဟောင်းကို ပန်းမဆွဲရ။
(၂)။ ထုပ်မစွပ်ခင် ယက်မ မတင်ရ။
(၃)။ တိုင်တို (ထောက်တို) ကိုကြမ်းပေါ် မပိုစေရ။
(၄)။ ကြမ်းခင်းတိုင်တွင် ဝါးမတင်ရ။
(၅)။ ခေါင်လျှောက်ခွတင် မပြီးခင်ကြမ်းမဖောက်ရ။
(၆)။ တိုင်ထူရာတွင် တိုင်ချင်းမထိရ။
(၇)။ အိမ်ဆောက်မပြီးခင် ဝန်းမခတ်ရ။
(၈)။ ထုပ်၊လျှောက်၊ဒိုင်း၊မြှား၊ခါးပန်း တို့ကို အလယ်တည့်တည့်တွင်မဆက်ရ။
(၉)။ အမျိုးမတူသော သစ်ချင်းမဆက်ရ။
(၁၀)။ အိမ်ဟောင်း၏ လျှောက်ပေါ်တွင် အိမ်သစ်၏လျှောက်ကို တင်၍မဆက်ရ။

သာယာအေးချမ်းတဲ့ အိမ်ဂေဟာလေးများပိုင်ဆိုင်နိုင်ကြပါစေ။