ထိမ်းမြား မင်္ဂလာ (၁ဝ) ပါး

******************************

မြန်မာနိုင်ငံကား ရှေးနှစ်ပေါင်း များစွာ ကတည်းကပင် တစ်လင်တစ်မယား စနစ်ကို ကျင့်သုံးခဲ့သော နိုင်ငံဖြစ်သည်။ ထို့အတွက် မြန်မာ့ လူမှုနယ်ပယ်တွင် ထိမ်းမြား မင်္ဂလာဆောင်ခြင်း ကိစ္စနှင့် ပတ်သက်၍ "တစ်သက်မှာ တစ်မင်္ဂလာ" ဟူသော စကားတစ်ခုသည် အထူးပင် ရေပန်းစား ခဲ့လေသည်။ 


မင်္ဂလာ အခမ်းအနား ကျင်းပရာတွင်လည်း အမျိုးသမီးများက အမျိုးသားများထက် ပို၍ ပြင်ဆင် ခြယ်သ ကြလေ့ရှိသည်။ သို့ရာတွင် ဝတ်စား ဆင်ယင် ပုံများကတော့ ရှေးမြန်မာ့ ရိုးရာများ အတိုင်းပင် ဖြစ်သည်။ မြန်မာဘုရင်များ လက်ထပ်က နန်းတွင်းသူများ ဝတ်သည့် ပုံစံအတိုင်းပင် ဖြစ်သည်။ တင်ပါး အထိဖုံးသော ခါးထောင် အင်္ကျီနှင့် ထိုင်မသိမ်း ပင်ဖြစ်သည်။ အရောင်အသွေး ၊ ပိတ်စ အမျိုးအစားနှင့် ခေတ်အလျောက် ဒီဇိုင်း အနည်းငယ် ပြောင်းလဲမှု ရှိသည့်တိုင် အခြေခံပုံစံ ကတော့ ဆိုခဲ့ပြီးသလို ရှေးမြန်မာ နန်းတွင်းသူတွေ အတိုင်းပင်ဖြစ်သည်။ အလားတူပင် မြန်မာ အမျိုးသားများ မှာလည်း မင်္ဂလာ အခမ်းအနားတွင် ရိုးရာ အဝတ် အထည်များ ကိုသာ ဝတ်ဆင် ကြသည်။ မင်္ဂလာဆောင်မည့် အမျိုးသား (သတို့သား) အတွက် အဓိကျသည့် ဝတ်စုံမှာ ခေါင်းပေါင်း ၊ ကော်လံကတုံး ရှပ်အင်္ကျီ အဖြူ ၊ တိုက်ပုံ နှင့် သာမန် လုံချည်များထက် နှစ်ဆနီးပါးမျှ ပို၍ရှည် လျားသော (တောင်ရှည်) ပုဆိုးတို့ ဖြစ်သည်။ ထိုဝတ်စုံနှင့် လိုက်ဖက် ညီအောင်လည်း သတို့သားမှာ ကတ္တီပါ (သို့မဟုတ်) သားရေ ညှပ်ဖိနပ်ကိုသာ စီးနင်းကြလေ့ ရှိသည်။

ကဲ....ဗေဒင်ချစ်ပရိသတ်ကြီးရေ အောက်ဖော်ပြပါ ထိမ်းမြားလက်ထပ်မင်္ဂလာကို ဖတ်ကြည့်လိုက်ရအောင်ပါ။

မြန်မာ့ ဓလေ့ ထုံးတမ်းအရ ထိမ်းမြား မင်္ဂလာ (၁၀)ပါး ရှိပါသည်။

(၁) ပုဆိုးတန်းတင် ထိမ်းမြားမင်္ဂလာပြုခြင်း။
သတို့သား၊ သတို့သမီးနှစ်ဦးလုံးကို လူလည်ခေါင်တွင် ကန်တော့ခံမထွက်ပဲ မိမိအိမ်မှာပင် လွတ်လပ်စွာနေလျှင် ဖိတ်ထားသောပရိတ်သတ်များ စားသောက်ပြီး ပြန်သွားကြမှ သတို့သမီး အိပ်ခန်းရှိ ကြိမ်တန်း၊ ကြိုးတန်း၌ သတို့သား ပုဆိုး၊ ပုဝါ လှန်း၍ တင်ကာထိမ်းမြားခြင်းကို ပုဆိုးတန်းတင် ထိမ်းမြားခြင်း ဟုခေါ်သည်။

(၂) ထမင်းလက်ဆုံစား၍ ထိမ်းမြားမင်္ဂလာပြုခြင်း။
ထမင်း သိုမဟုတ် မုန့်တစ်ခုခု ကို သတို့သား၊ သတို့သမီးတို့က လက်စုံစားစေ ထိမ်းမြားခြင်းကို လက်စုံစား ထိမ်းမြားခြင်း ဟုခေါ်သည်။ (ယခု လင်မယားအရာ မြောက်ပြီးမှသာ ပြုလုပ်လေ့ ရှိသည်။)

(၃)လက်စွပ်ခြင်းလဲ၍ ထိမ်းမြားမင်္ဂလာပြုခြင်း။
သတို့သား ဝတ်ဆင်သော လက်စွပ်ကို သတို့သမီးအား ဝတ်ဆင်ပေးခြင်း၊ သတို့သမီး ဝတ်ထားသော လက်စွပ်ကို သတို့သားအား ဝတ်ဆင်ပေးခြင်း၊ အချင်းချင်းလဲလှယ်၍ ထိမ်းမြားခြင်းကို လက်စွပ်လဲ၍ ထိမ်းမြားခြင်း ဟုခေါ်သည်။

(၄) အဝတ်ခြင်းလဲ၍ ထိမ်းမြားမင်္ဂလာပြုခြင်း။
သတို့သားက သတို့သမီးအိမ်သို့ လာသည့်အခါ သတို့သမီး၏ မိဘများက အဝတ်ပုဆိုးအသစ် လဲလှယ်ဝတ်ပေးခြင်းကို အဝတ်ပေး၍ ထိမ်းမြားခြင်း ဟုခေါ်သည်။

(၅) လက်-လက်ခြင်းထပ်၍ ထိမ်းမြားမင်္ဂလာပြုခြင်း။
၅။ သတို့သမီးလက်ယာလက်ကို ဖြန့်ထား၍ သတို့သားလက်ယာဘက်ကို အပေါ်တင်စေကာ ဘိသိက်ဆရာက ဖြစ်စေ၊ လူကြီးတစ်ဦးဦးကဖြစ်စေ ရွှေနှင့်ငွေ ဂဟေ ဆက်ထားသကဲ့သို တူနှစ်ကိုယ် တစ်စိတ်တစ်ဝမ်းထည်းဟု ပရိသတ်အလယ်တွင် ထိမ်းမြားခြင်းကို လက်ထပ်ထိမ်းမြားခြင်း ဟုခေါ်သည်။

(၆) ဒါလီဖွဲ့၍ ထိမ်းမြား မင်္ဂလာပြုခြင်း။
၆။ ဖြန့်လျှင်နှစ်ဦးစလုံး ဦးခေါင်းဆံ့လောက် လေးတောင်ခန့်ရှိသော ရွှေဆွဲကြိုး ပန်းကုံသဖွယ်ပြုလုပ်၍ သတို့သား၊ သတို့သမီး နှစ်ဦးစလုံး တစ်ခါတည်း စွပ်၍ ထိမ်းမြားခြင်းကို ဒါလီဖွဲ့၍ ထိမ်းမြားခြင်း ဟုခေါ်သည်။

(၇) စုလျားရစ်ပတ်၍ ထိမ်းမြားမင်္ဂလာပြုခြင်း။
အလျှား (၆) တောင်၊ အနံ (၂)တောင် ရှိသော သတို့သမီးခြုံသော စုလျှားတဘက်အား သတို့သား၊ သတို့သမီးနှစ်ဦးအား ရစ်ပတ်ထိမ်းမြားခြင်းကို စုလျှားရစ်ပတ် ထိမ်းမြားခြင်း ဟုခေါ်သည်။

(၈) ပန်းကုံးစွပ်၍ ထိမ်းမြားမင်္ဂလာပြုခြင်း။
သတို့သားက သတို့သမီးအား ပန်းကုံးစွပ်ပေးသဖြင့်၊ သတို့သမီးက သတို့သားအား ပန်းကုံးစွပ်ပေးသဖြင့် ထိမ်းမြားခြင်းကို ပန်းကုံစွပ်၍ ထိမ်းမြားခြင်း ဟုခေါ်သည်။

(၉) ရေခွက်၌ လက်ဆုံချ၍ ထိမ်းမြားမင်္ဂလာပြုခြင်း။
ရွှေဖလား၊ ငွေဖလား၊ ဖန်ခွက် စသည်တို့ ရေတစ်ဝက်ထည့်၍ သပြေပန်း၊ နေဇာမြက်များ ထည့်ပြီး သတို့သား၊ သတို့သမီး တို့၏ လက်ယာလက်များကို ချထားစေ၍ ရေကြည်လင်အေးမြ၍ မကွဲတပြား တသားတည်းနေ သတို့သား၊ သတို့သမီးတို့ ရိုးမြေကျ ရာသက်ပန်တည်ပါစေ ဟုဆို၍ လက်ချထိမ်းမြား ခြင်းကို ရေခွက်၌ လက်ချ၍ ထိမ်းမြားခြင်း ဟုခေါ်သည်။

(၁၀) ဦးခေါင်းထက်မှ ရေစင်သွန်းလောင်း၍ ထိမ်းမြားမင်္ဂလာပြုခြင်း။
ရွှေခွက်၊ငွေခွက်၊ဖန်ခွက် စသည့် နဝရတ် ကိုးပါး၊ နံသာမျိုးငါးပါး သွေး၍ (သို့မဟုတ်) ရေမွှေးများထည့်၍ သတို့သား၊ သတို့သမီးတို့၏ ထိပ်၌ သပြေပန်းခက်ဖြင့် ပက်ဖြန်း၍ လက်ထပ်ထိမ်းမြားခြင်းကို ဦးထိပ်၌ ရေစင်သွန်း၍ ထိမ်းမြားခြင်း ဟုခေါ်သည်။