ဇရပ်၊ တန်ဆောင်း၊ ကျောင်းဆောင် လှူဒါန်းရခြင်းအကျိုး

======================================
ဇရပ် တန်ဆောင်း ကျောင်းဆောင် ဆောက်လုပ် လှူဒါန်းခြင်းကြောင့် ရရှိနိုင်သော အကျိုး(၇)ပါးကို မင်းကွန်းဆရာတော်ဘုရားကြီးက ဤသို့ လင်္ကာဖွဲ့ဆိုထားလေသည်…
သုံးတန်စေတနာ၊ ညီညွတ်စွာဖြင့်၊ သာသနိက၊ ဝိဟာရကျောင်း၊ တန်ဆောင်းအလှူ၊ ဆောက်လှူသူတို့၊ ကြီးထူကဲမှန်၊ ကျိုးရ ဟန်ကို၊ ကျမ်းဂန်ထောင့်ချင့်၊ နိဒါန်းဖွင့်သော်....
၁။ နတ်နှင့်လူနှယ်၊ သန္ဓေတွယ်၍၊
၂။ စိတ်ဝယ်တောင်းတ၊ ဆောက်အုံရ၏။
၃။မထကြက်သီး၊ ကိုယ်လည်းမလှုပ်၊ကြောက်ရုပ်မထင်၊ ထိတ်လန့်စင်၏။
၄။ ခြင်္သေ့ သစ် ကျား၊ သားရဲ များနှင့်၊
ဖမ်းစားကလူ၊ နှိပ်စက်မူသား၊
တောသူ ဖုတ် ပြိတ်၊ အဆိပ် ထန်ပြင်း၊
မြွေနှင့် ကင်းက၊ အဆင်း ဖောက်ပြန်၊
ကုမ္ဘဏ် ရက္ခိုက်၊ နတ်မိုက် ရန်ပေါင်း၊
ဘေးလွတ် ရှောင်း၏။
၅။ မကောင်း အိပ်မက်၊ မမြင်မက်ဘူး၊
၆။ ထင်လျက်သတိ၊ မြဲခိုင်ဘိ၍၊
ဝိပရိဏံ၊ ဖောက်ပြန်စိတ်ရင်း၊
ရူးသွတ်ခြင်းမှ၊ ရှင်းရှင်းလွတ်ရှောင်း၊
ကျိုးဆက်ကောင်း၏၊
၇။ နောက်နောင်ဘဝ၊ ပစ္ဆိမဝယ်၊
ဂုဏကဲမို၊ အရဟတ္တဖိုလ်၊
ထိုထိုကျေးဇူး၊ လွန်ပြန့်ပြူးသည်၊
ဆောက်ဦးအလှူကျိုး ခုနစ်တည်း။
(တိပိဋကဓရ မင်းကွန်းဆရာတော် )
စေတနာသုံးတန် ပြဓာန်း၍ သာသနိကကျောင်း အဆောက်အဦး လှူဒါန်းသူတို့သည် -
၁။ လူ့ပြည် နတ်ပြည်တို့၌ ဖြစ်ရခြင်း၊
၂။ စိတ်ဖြင့်တောင့်တရုံမျှဖြင့် အဆောက်ဦး ရရှိခြင်း ၊
၃။ ထိတ်လန့်ခြင်းမှ ကင်းဝေးခြင်း၊
၄။ အဆိပ်အတောက်နှင့် မကောင်းမိစ္ဆာတို့ မနှောင့်ယှက်နိုင်ခြင်း၊
၅။ အိပ်မက်ကောင်းများကိုသာ မြင်မက်ရခြင်း၊
၆။ စိတ်ထားတည်ကြည်ခြင်း၊
၇။ အရဟတ္တဖိုလ်ပေါက် ရဟန္တာဖြစ်ရခြင်း။
တစ်နည်း-အကျဉ်းမှတ်သားရန် ကဗျာ
------------------------------------------
●ကောင်းရာ လားရောက်၊
●ဗိမာန်ပေါက်၍၊
●ကြောက်လန့်ကင်းစွာ၊
●သားရဲခွာလျက်၊
●အိပ်မက်ကောင်းမြင်၊
●သတိထင်သည်၊
●စံဝင်နိဗ္ဗာန် ကျောင်းကျိုးတည်း။ (မ၊၁၊၁၂)
ထိုမှတပါး- ကျောင်းကိုလှူဒါန်းခြင်းသည်
● ကိုယ်ခွန်အား၊
●အဆင်း၊
● ချမ်းသာ၊
● မျက်စိတို့ကိုလည်း လှူဒါန်းသည်မည်လေ၏။
(သံ၊ ၁-၂၉။ ဝိ၊ ဋ္ဌ-၄-၅၈)
**ကျောင်းလှူဒါန်းခြင်းအကျိုး **
ရွာ ၂-ရွာ ၃-ရွာ ဆွမ်းခံလှည့်လည်ပြီး ဆွမ်းတဇွန်းမျှမရဘဲ ပြန်လာရသော်လည်း အေးမြသော ရေကန်၌ ရေချိုးပြီးနောက် ကျောင်းသို့ဝင်ရောက်ကာ တမုဟုတ်မျှ အိပ်စက် နားနေလိုက်ရလျှင် ကိုယ်ခန္ဓာ၌ ကာယခွန်အား တောင့်တင်းလာမြဲဖြစ်၍ ကျောင်းလှူဒါန်းခြင်းသည် ကာယခွန်အားကို လှူဒါန်းသည်မည်၏။
ကျောင်းပြင်ပ၌ လှည့်လည်သွားလာ၍ နေပူ လေပူတို့ဖြင့် လောင်မြိုက်ခံရသောအခါ ရုပ်အဆင်း ဖောက်ပြန်လာ၏။ ကျောင်းသို့ဝင်၍ တံခါးပိတ်ခါ တမုဟုတ်မျှ လျောင်းစက် နေလိုက်လျှင် ဝိသဘာဂရုပ်စဉ် ငြိမ်းပျောက်၍ သဘာဂရုပ်စဉ် သက်ရောက်ပြီးလျှင် ရုပ်အဆင်း ကြည်လင်လာမြဲဖြစ်၍ ကျောင်းကိုလှူဒါန်းခြင်းသည် အဆင်းကိုလည်း လှူသည်မည်၏။
ကျောင်းပြင်ပ၌ လှည့်လည်သွားလာလျှင် ခြေ၌ ဆူးစူးခြင်း, သစ်ငုတ်ခလုတ် ထိခိုက်တိုက်မိခြင်း, မြွေ, သူခိုး စသော ဘေးရန်တို့နှင့် တွေ့ကြုံရခြင်း အန္တရာယ်တို့ ဖြစ်ပေါ်လာတတ်၍ ကျောင်းသို့ဝင်ကာ တံခါးပိတ်ပြီး
လျောင်းစက်နားနေလိုက်လျှင် ယင်းဘေးရန်တို့ မဖြစ်ပေါ်နိုင်သဖြင့် ကိုယ်ချမ်းသာမှု ရခြင်း၊ တရားကျမ်းဂန် ရွတ်အံသရဇ္ဈာယ်နေလျှင် တရား၌ နှစ်သက်သော ဓမ္မပီတိချမ်းသာ ဖြစ်ပေါ်ခြင်း၊ ကမ္မဋ္ဌာန်း နှလုံးသွင်းနေလျှင် အကုသိုလ်ဘေးတို့ ငြိမ်းအေးမှု (ဥပသမာ) ချမ်းသာကို ရခြင်းဟူသော ဂုဏ်ကျေးဇူးကို ရသောကြောင့် ကျောင်းကိုလှူဒါန်းခြင်းသည် ချမ်းသာကို လှူဒါန်းသည်မည်၏။
ကျောင်းပြင်ဘက်၌ လှည့်လည်သွားလာလျှင် ကိုယ်ခန္ဓာမှ ချွေးကျခြင်း၊ မျက်စိ တုန်လှုပ်ခြင်း စသည်တို့ ဖြစ်တတ်၍ ကျောင်းတွင်းသို့ ဝင်လျှင်ဝင်ချင်း ဘာမျှမမြင်ရသော်လည်း တမုဟုတ်မျှ ထိုင်နေလိုက်လျှင် မျက်စိကြည်လင် လာခြင်းကြောင့် ကျောင်းကိုလှူဒါန်းခြင်းသည် မျက်စိကိုလည်း လှူသည်မည်၏။
(သံ၊ ဋ္ဌ၊ ၁-၇၈-၇၉၊ ဗုဒ္ဓဝင်၊ ဋ္ဌ-၂၆။ သာရတ္ထ၊ ၃-၃၉၄။ ဒီ-ဋီ၊ ၁-၃၃၁။)
ခုနှစ်ရက် သားသမီးအပေါင်း ဘေးရန်ကင်းကွာ၊ ကောင်းကျိုးချမ်းသာရစေကြောင်းပါ ခင်ဗျာ။
ကိုးကားမင်းကွန်းဆရာတော်ဘုရာ