ပါရမီဆယ်ပါး

မေတ္တာ၊ ဂရုဏ ၊ မုဒိတာ၊ ဥပေက္ခာ ဗြဟ္မစိုရ်တရား ရင်ထဲမှာကြီးမားတဲ့ ပုဂ္ဂိုလ်ဟာ ပါရမီဆယ်ပါးဖြည့်ကျင့်နိုင်တယ် ကောင်းမြတ်တဲ့ အလုပ်တွေကို လုပ်နိုင်တယ်။
*မေတ္တာ*
သတ္တဝါတစ်ဦးကို ဖြစ်စေ၊ အများကို ဖြစ်စေ အာရုံပြုကာ စိတ်ဆင်းရဲ ကင်းပါစေ၊ ကိုယ်ဆင်းရဲ ကင်းပါစေ၊ ခန္ဓာ့ဝန်ကို ကျန်းမာချမ်းသာစွာ ဆောင်ရွက်နိုင်ပါစေဟု အကြိမ်ကြိမ် နှလုံးသွင်းခြင်း ဖြစ်သည်။
*ကရုဏာ*
ဆင်းရဲသော သတ္တဝါတစ်ဦးကိုဖြစ်စေ၊ အများကို ဖြစ်စေ အာရုံပြုကာ ဆင်းရဲဒုက္ခမှ လွတ်မြောက်ပါစေဟု အကြိမ်ကြိမ် နှလုံးသွင်းခြင်း ဖြစ်သည်။
*မုဒိတာ*
ချမ်းသာသောသူ တစ်ဦးကို ဖြစ်စေ၊ အများကို ဖြစ်စေ အာရုံပြုကာ မိမိတို့ တရားသဖြင့် ရရှိထားသော ပစ္စည်းဥစ္စာများ မဆုတ်ယုတ်ကြပါစေနှင့်ဟု အကြိမ်ကြိမ် နှလုံးသွင်းခြင်း ဖြစ်သည်။
*ဥပေက္ခာ*
သတ္တဝါတစ်ဦးကို ဖြစ်စေ၊ အများကို ဖြစ်စေ အာရုံပြု၍ သတ္တဝါတို့သည် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိသည်ဟု အကြိမ်ကြိမ် နှလုံးသွင်းခြင်း ဖြစ်သည်။
မြင့်မြတ်သူတိုင်း၊ မြင့်မြတ်လိုသူတိုင်း ဖြည့်ကျင့်ရမယ့်
ပါရမီတော်ဆယ်ပါး
ပါရမီ(ဆယ်ပါး-အပြားသုံးဆယ်)
(၁) ဒါန ပါရမီ= ပေးကမ်းစွန့်ကြဲလှူဒါန်းမှုကို ဖြည့်ကျင့်ခြင်း။
(၂) သီလ ပါရမီ= သီလစောင့်ထိန်းမှုကို ဖြည့်ကျင့်ခြင်း။
(၃) နိက္ခမ ပါရမီ= ကာမဂုဏ်မှ ထွက်မြောက်မှုကို ဖြည့်ကျင့်ခြင်း။
(၄) ပညာ ပါရမီ= ဉာဏ်ပညာတိုးပွါး ရင့်ကျက်မှုကို ဖြည့်ကျင့်ခြင်း။
(၅) ဝီရိယ ပါရမီ= ဇွဲလုံ့လ စွမ်းပကားကြီးမားရန် ဖြည့်ကျင့်ခြင်း။
(၆) ခန္တီ ပါရမီ= သည်းခံခွင့်လွှတ်မှုကို ဖြည့်ကျင့်ခြင်း။
(၇) သစ္စာ ပါရမီ= အမှန်အတိုင်းပြော၍ ပြောသည်အတိုင်း ဖြည့်ကျင့်ခြင်း။
(၈) အဓိဋ္ဌာန ပါရမီ= စိတ်ဆုံးဖြတ်သည့်အတိုင်း ခိုင်မြဲစွာလိုက်နာ ဖြည့်ကျင့်ခြင်း။
(၉) မေတ္တာ ပါရမီ= သူတပါးအကျိုးစီးပွား လိုလားမှုကို ဖြည့်ကျင့်ခြင်း။
(၁၀) ဥပေက္ခာ ပါရမီ= ချစ်ခြင်း မုန်းခြင်းမရှိ ကောင်းဆိုးနှစ်တန် ခံနိုင်ရည်ရှိစေရန် ဖြည့်ကျင့်ခြင်း။
ဘုရားအလောင်းတော်ဟာ သဗ္ဗညုတဘုရားရှင်ဖြစ်ရန် ပါရမီတော်(၁၀)ပါးကို
စည်းစိမ်ဥစ္စာများ စွန့်၍ဖြည့်ကျင့်ခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းများကို စွန့်၍ဖြည့်ကျင့်ခြင်း၊ အသက်ကိုစွန့်၍ ဖြည့်ကျင့်ခြင်း တို့ဖြင့် ကမ္ဘာပေါင်းလေးအင်္သေချေနဲ့တစ်သိန်းကာလပတ်လုံးဖြည့်ကျင့်တော်မူခဲ့ပြီး လောကအကျိုးစီးပွားအတွက် ဘုရားဖြစ်တော်မူပါတယ်။
မင်းသိင်္ခဗေဒင် မှ ဗေဒင်ချစ်ပရိသတ်ကြီးအတွက် မေတ္တာဖြင့် ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။
ကိုးကားပါမောက္ခချုပ် ဆရာတော်ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
ပရဟိတစွမ်းအားနဲ့ ပါရမီဆယ်ပါးတရားတော်မှကောက်နုတ်ထားပါသည်။