ဝါဆိုသင်္ကန်းကပ်လှူခြင်းအကျိုးနှင့်ဝါဆိုသင်္ကန်းဖြစ်ပေါ်လာပုံသမိုင်း

မြတ်စွဘုရားသက်တော် ထင်ရှားရှိစဉ်ကာလ ရဟန်းတို့အား ဝါဆိုဝါကပ် ပညတ်တော်မမူရသေးခြင်းကြောင့် ရဟန်းတို့သည် နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါးစလုံး ဒေသစာရီခရီးလှည့်လည်ကြသည်။ "ထိုအခါ သာသနာတော်တွင် ကြည်ညိုခြင်းမရှိသူတို့က ရဟန်းတို့သည် ဥတု သုံးပါးစလုံး စိမ်းလန်းသောမြက်ပင်၊ သစ်ပင်တို့ကို နင်းချေကုန်လျက်၊ အသက်ဣန္ဒြေရှိကြသော သေးငယ်သောသတ္တဝါတို့ကို နှိပ်စက်ညှဉ်းပန်း ကုန်လျက် အဘယ်ကြောင့် ခရီးသွားနေကြပါသနည်း။ သာသနာပြင်ပတိတ္ထိတို့သည် ပင်လျှင် မိုးကာလတွင် ကြောင့်ကြမဲ့စွာ ကိန်းအောင်းကြ၏။ ကျေးငှက် တို့သည်လည်း သစ်ပင်တို့၌ အသိုက်ပြုကာ မိုးကာလပတ်လုံး ကြောင့်ကြမဲ့ နေကြကုန်၏ ဟူ၍ ကဲ့ရဲ့ရှုတ်ချကြခြင်းကြောင့် ဗုဒ္ဓမြတ်စွာဘုရားက ရဟန်းတို့အား ဝါဆိုဝါကပ်ခြင်းကို ခွင့်ပြုတော်မူခဲ့ခြင်းဖြစ်သည်ဟု "လူတို့သည်ရဟန်းတော်တို့အား ကဲ့ရဲ့ကြလေသည်။

"..သို့ဖြင့်၍ ရဟန်းတော်များအားလုံးသည် ဝါတွင်းသုံးလပတ်လုံး ခရီးလှည့်လည်ခြင်းမပြုဘဲ ပရိယတ္တိ၊ ပဋိပတ္တိအလုပ်တို့ကို ကြိုးပမ်း အားထုတ်တော်မူကြသည်။ "ဗုဒ္ဓ ဘာသာဝင်လူပုဂ္ဂိုလ်များမှာလည်း ဝါတွင်း ကာလတွင် ဥပုသ်သီတင်းစောင့်ခြင်း၊ တရားတော်များနာယူကြည်ညိုကြ ခြင်း၊ သတိပဋ္ဌာန်တရား အားထုတ်ခြင်း စသည့်ကုသိုလ်အမှုတို့ကို သာမန် အချိန် ကာလများထက်ပို၍ အလေးအနက်ထားကာ ကြိုးပမ်းဆောင်ရွက် လေ့ရှိကြသည်။ ဗုဒ္ဓဘာသာဝင်လူပုဂ္ဂိုလ်တို့ ဝါတွင်းကာလ ဒါန၊ သီလ၊ဘာဝနာ ကုသိုလ်အမှုတို့ပြုကြရာတွင် ဝါဆိုသင်္ကန်းကပ်လှူကြခြင်းမှာ လည်း ထူးခြားသည့် ကာလဒါနကုသိုလ်တစ်ခုပင် ဖြစ်သည်။

**ဝါဆိုသင်္ကန်း ဖြစ်ပေါ်လာပုံသမိုင်း**


မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဇေတဝန်ကျောင်းတော်မှသီတင်းသုံးတော်မူစဉ်အခါကာ သီတင်းသုံးတော့ ဝိသာခါက ဆွမ်းစားပင့်ပါတယ်။ အဲဒီညလွန်တော့ လေးကျွန်းလုံးအနှံ့ မိုးကြီးရွာသွန်းပါတယ်။ မြတ်စွာဘုရားရှင်က ရဟန်းတို့ ဇေတဝန်ကျောင်းမှာရွာသလို၊ လေးကျွန်းလုံးအနှံ့မှာလည်း မိုးရွာတယ်။ သင်တို့မိုးရေချိုးကြ။ ဒီမိုးကြီးဟာ လေးကျွန်းလုံးနှံ့တဲ့ နောက်ဆုံးမိုးပဲ ဟု မိန့်တော်မူပါတယ်။ ရဟန်းတော်များဟာ သင်္ကန်းအပိုအလှူခံခွင့် မရှိသေးတာကြောင့် မိုးရေခံ သင်္ကန်းမပါဘဲ မိုးရေချိုးနေကြတဲ့အချိန် ဝိသာခါလွှတ်လိုက်တဲ့ အိမ်ဖော်မလေး ကျောင်းလာဆွမ်းစားချိန်ရောက်ကြောင်း လျှောက်ထားဖို့လာတဲ့အခါ၊ အဝတ်မပါဘဲ မိုးရေချိုးနေကြတဲ့ ရဟန်းတော်များကိုမြင်တော့ ဒီအရာမ်အတွင်းမှာ ရဟန်းတွေ မရှိဘူး။ အာဇီဝတက္ကတွန်းတွေသာ မိုးရေချိုးနေကြတယ်လို့တွေးပြီး ရဟန်းတွေကို မပင့်ခဲ့ဘဲ အိမ်ပြန်သွား ဝိသာခါကို အကြောင်းစုံပြန်ပြောတယ်။


ဝိသာခါက ပညာရှိတယ်။ လိမ္မာယဉ်ကျေးတယ်။ အတွေးအခေါ်လျင်မြန်ထက်မြက်တယ်။ရဟန်းတော်တွေ မိုးရေးခံသင်္ကန်းမပါဘဲ မိုးရေချိုးနေကြတာဖြစ်မယ် စဉ်းစားပြီး အိမ်ဖော်မလေးကို ဆွမ်းစားချိန်ရောက်ကြောင်း ထပ်မံ အပင့်ခိုင်းပြန်တယ်။ အဲဒီအချိန် ရဟန်းတော်များဟာ ရေးချိုးပြီးလို့ တင့်တင့်တယ်တယ် သပ္ပါယ်စွာ ဝတ်ရုံထားကြပြီးဖြစ်တယ်။ ကျောင်းတွင်းမှာ တိတ်ဆိတ်ငြိမ်သက်စွာ သီတင်းသုံးနေကြပြီဖြစ်တယ်။ ရဟန်းတစ်ပါးမျှ ကျောင်းမှာမရှိဘူး။ တစ်ကျောင်းလုံးတိတ်ဆိတ်နေတယ်လို့ အိမ်ဖော်မလေးက ပြန်လာပြီး ဝိသာခါကို ပြောပြန်တယ်။ ဝိသာခါက အခြေအနေကို စဉ်းစားမိပြီး ထပ်မံလွှတ်ရပြန်တယ်။ ဒီတော့မှ မြတ်စွာဘုရားရှင်နဲ့ သံဃာတော်တွေ အိမ်ကြွလာတော်မူကြတယ်။ မိုးရွာပြီးစ ရေစီးအဟုန်တွေများနေပေမယ့် မြတ်စွာဘုရားနဲ့ သံဃာတော်တို့ရဲ့ ခြေတော်တွေ သင်္ကန်းတော်တွေမှာ ရေစိုစွတ်ခြင်း မရှိတာမြင်တော့ ဝိသာခါ အံ့ဩဝမ်းသာဖြစ်ကာ ဆွမ်းကပ်လှူ၊ ဒီနောက် မြတ်စွာဘုရားထံမှာ ဆု(၈)ပါးလျှောက်ထားတောင်းဆိုပါတယ်။
ဤဆု(၈) ပါးကား--
"အရှင်ဘုရား တပည့်တော်မသည် သံဃာတော်များအား အသက်ထက်ဆုံး
(၁)မိုးရေးခံသင်္ကန်း လှူလိုပါ၏။
(၂) ဧည့်သည် အာဂန္တုတို့အား ဆွမ်းလှူလိုပါ၏။
(၃)ခရီးသွားရဟန်းတို့အား ဆွမ်းလှူလိုပါ၏။
(၄)သူနာရဟန်းတို့အား ဆွမ်းလှူလိုပါ၏။
(၅)သူနာပြု ရဟန်းတို့အား ဆွမ်းလှူလိုပါ၏။
(၆)သူနာရဟန်းတို့အား ဆေးလှူလိုပါ၏။
(၇)အမြဲ (ဆန်ပြုတ်) ယာဂု လှူလိုပါ၏။
(၈)ဘိက္ခုနီသံဃာအား ရေသနုပ်လှူလိုပါ၏။လို့ " မြတ်စွာဘုရားရှင်အားလျှောက်ထားတော်မူသည်။

ထိုအခါ မြတ်စွာဘုရားရှင်က ခွင့်ပြုတော်မူခဲ့လို့ ဒီနေ့ ဗုဒ္ဓဘာသာဝင် အမျိုးသား အမျိုးသမီးများ အနေဖြင့် ဝိသာခါကျောင်းအစ်မကြီးရဲ့ ဆုရှစ်မျိုးထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ဝါဆိုသင်္ကန်းကို လှူဒါန်းနေကြတာဖြစ်ပါတယ်။ ဒါက ဝိသာခါကျောင်းအစ်မကြီး တောင်းခံခဲ့လို့ ဝါဆိုသင်္ကန်းရယ်လို့ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါတယ်။

**ဝါဆိုသင်္ကန်းကပ်လှူရခြင်းအကျိုး**


ဝါဆိုသင်္ကန်း အလှူဟာ အမြဲမပြတ် ကုသိုလ်ဖြစ်စေတဲ့ နိဗဒ္ဓအလှူ (၇)မျိုးထဲမှာ ပါဝင်တဲ့ ကုသိုလ်ဖြစ်ပြီးဒီကုသိုလ်ကို အမြဲမပြတ် ဆင်ခြင်ပွားများ နေမယ်ဆိုရင် သေပြီးနောက် ဒုတိယဘဝမှာ အပါယ်မလားဘူးလို့ လည်းအဋ္ဌကထာ ဆရာ များက ဖွင့်ပြထားပါတယ်။

နိဗဒ္ဓဆိုတာ အမြဲမပြတ် ကုသိုလ်ဖြစ်စေအပ်တယ်လို့ အဓိပ္ပါယ်ရပြီး အဲဒီလို
အမြဲမပြတ် ကုသိုလ် ဖြစ်စေအပ်တဲ့ နိဗဒ္ဓအလှူ (၇)မျိုး ဆိုတာကတော့

(၁) သရဏဂုံသုံးပါး ဆောက်တည်ခြင်း၊
(၂)သီလငါးပါးဆောက်တည်ခြင်း၊
(၃) စာရေးတံမဲလှူဒါန်းခြင်း၊
(၄) အစိဏ္ဏကံ ဆွမ်းဝတ်မပြတ်လှူဒါန်းခြင်း၊
(၅) ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း
(၆) ရေတွင်းရေကန် တူးဖော်လှူဒါန်းခြင်း
(၇) ကျောင်းဆောက်လှူဒါန်းခြင်း (အရိပ် အာဝါသလှူဒါန်းခြင်း)တို့နည်းတူပင်
အပါယ်တံခါးပိတ်စေသည့် ကုသိုလ် အကျိုးကို ရရှိစေနိုင်သည်။

ထို့အပြင် သံဃာတော်တို့အား ဝါဆိုသင်္ကန်း ကပ်လှူခြင်းအားဖြင့် ဘဝသံသရာတွင် ကျင်လည်နေသမျှ ကာလပတ်လုံး
(၁)အဝတ်အထည်အတွက် စိုးရိမ်ကြောင့်ကြရမှု ကင်းခြင်း၊
(၂)ရုပ်အဆင်းအင်္ဂါ ရွှေရောင်အဆင်း လှပတင့်တယ်ခြင်း၊
(၃) ခန္ဓာကိုယ်အရောင်အဝါထွန်းလင်းခြင်း၊
(၄) အသားအရေနူးညံ့ ချောမွေ့ ခြင်း၊
(၅) ခန္ဓာကိုယ်တွင် အညစ်အကြေးတို့ ကင်းစင်ခြင်း၊
(၆) အလိုရှိပါက တောင့်တရုံမျှဖြင့် အဝတ်အထည်တို့ရရှိခြင်း၊
(၇) သံသရာ၌ ဘုရားရှင်တို့နှင့် တွေ့ ကြုံဖူးမြော်ခွင့်ရခဲ့သည်ရှိသော် ထိုဘုရားရှင်က (ဧဟိဘိက္ခူ) ခေါ်ရုံမျှဖြင့် ရဟန်းအသွင် အလိုလိုဖြစ်ရခြင်း ဟူသော အကျိုးတရား ခုနစ်ပါးတို့ကိုလည်း ရရှိနိုင်သည်။

ဝါဆိုသင်္ကန်းအလှူဟာ စီဝရဒါန အလှူဖြစ်သလို ကာလဒါန အလှူလည်း ဖြစ်တဲ့အတွက် ဒီသင်္ကန်းကို လှူဒါန်းတဲ့သူတွေဟာ သင်္ကန်းလှူရကျိုးအပြင် အလိုရှိချိန်မှာ လိုတာကို ရစေနိုင်တဲ့ ကာလဒါန အကျိုးကို လည်း ရရှိနိုင်ပြီးအဝတ်သင်္ကန်းကို လှူဒါန်းခြင်းဟာ အဆင်းကိုလည်း လှူဒါန်းရာ ရောက်တဲ့အတွက် ရုပ်ရည် အဆင်း လှပခြင်းနဲ့ပြည့်စုံနိုင်ကြောင်း၊ ပါရမီပြည့်မြောက်လို့ နောက်ဆုံးရောက်တဲ့ အချိန်မှာလည်း သင်္ကန်းလှူ ရတဲ့ အကျိုးအားကြောင့် ရဟန်းဘဝကို အလွယ်တကူ ရရှိကာ မဂ်ဖိုလ်နိဗ္ဗာန်အထိ မျက်မှောက်ပြုနိုင်ကြောင်း စသဖြင့်ပြောလိုတာ ဖြစ်ပါတယ်။

ကာလဒါန အလှူရဲ့သဘောက အကျိုးပေးတဲ့အခါ ကိုယ်လိုတဲ့အချိန်မှာ လိုအပ်ချိန်နဲ့ကိုက်ညီတဲ့၊ လိုအပ်ချိန်မှာလိုအပ်တဲ့ အရာကို အလွယ်တကူ ရစေနိုင်တဲ့ အကျိုးထူးကိုလည်း ဖြစ်စေတတ်ပါတယ်။



**ဝါဆိုသင်္ကန်းကို အချိန်ကာလမရွေး လှူဒါန်းခွင့် ရှိသူများ**

၁။စစ်ထွက် သွားမည့်သူ။
၂။အရပ်တစ်ပါး ခရီးသွားမည့်သူ။
၃။ရောဂါဝေဒနာ ဖိစီးနှိပ်စက် ခံနေရသူ။
၄။မီးဖွားခါနီး မိခင်လောင်း။
၅။ယခင်က သဒ္ဓါတရားမရှိ၊ယခုချက်ချင်း သဒ္ဓါတရား ပေါ်ပေါက်လာသူ။
သာသနာတော်ကို ယခုမှ ကြည်ညိုလာသူ။
အထက်ပါ ပုဂ္ဂိုလ်တို့က "ဝဿာဝါသိကံ ဒဿာမိ-" "ဝါဆိုသင်္ကန်းပါဘုရား" ဟု အမည်တပ်၍ လှူဒါန်းလာခဲ့သော် ဝါမကျွတ်သေးသော်လည်းကောင်း ဝါကျွတ်ပြီးသော်လည်းကောင်း အလှူခံနိုင်ခွင့်ရှိသည်။ ထိုပုဂ္ဂိုလ်များသည် အချိန်မရွှေး ရှိနိုင်သဖြင့် ဝါဆိုသင်္ကန်းကို အချိန်မရွေး လှူဒါန်းနိုင်၊ အချိန်မရွေးအလှူ ခံနိုင်ခွင့်ရှိသည့် အတွက် မင်းသိင်္ခဗေဒင်မှ ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။