"အသက်ရှည်စေသော ယတြာ"

.............................................................................
မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က ဗေဒင် ကျွမ်းကျင်သော ပုဏ္ဏားမိသားစု ရှိလေ၏။ ပုဏ္ဏားကြီးသည် မိမိကိုယ်ကို ဗေဒင်တွက်ကြည့်ရာ အသက်(၆၀) ပြည့်သည့်နေ့တွင် သေရမည်ကို သိပြီး စိုးရိမ်သောကရောက်ကာ ဆောက်တည်ရာမရ ဖြစ်နေလေတော့သည်။
ထိုအခါ ပုဏ္ဏားကြီးသည် မြတ်စွာဘုရားကို မကိုးကွယ်သော်လည်း သေရမည်ကို ကြောက်လန့်၍ ဘုရားထံ သွားရောက်ပြီး မေးလျှောက်လေသော် မြတ်စွာဘုရားက " သင့်ဗေဒနည်း အတိုင်း သေရမည်မှာ မှန်၏။ အသက်(၆၀)ပြည့်သည့်နေ့ နေမွန်းတည့်ချိန်တွင် သေမည်။ သေလျှင် မြောက်ဘက် တောတန်းတွင် မျောက်ဖြစ်လိမ့်မည် " ဟု ဟောကြားလိုက်လေသည်။
ပုဏ္ဏားလည်း အိမ်ပြန်ပြီးနောက် မျောက်ဘဝရောက်လျှင် စားသောက်နိုင်ရန်
တောတန်းတွင်
- ဥယျာဉ်စိုက်ခြင်း၊
- နေရန် ဇရပ်ဆောက်ခြင်း၊
- ရေတွင်းတူးခြင်း၊
- လမ်းဖောက်ခြင်း၊
- တံတားဆောက်ခြင်း၊
စသည်တို့ကို ပြုလုပ်လေတော့၏။
ထိုအတွက်ကြောင့် လူအများ သွားလာရပ်နားမှုများ အဆင်ပြေနေတော့သည်။
ပုဏ္ဏားကြီးသည် အသက်(၆၀) ပြည့်၍ မသေသောအခါ ဘုရားရှင်ထံ သွားရောက်၍ ဘုရားရှင်အား မုသာဝါဒဖြင့် စွပ်စွဲကာ အပြစ်တင်လေရာ မြတ်စွာဘုရားက "ကိုယ်ကျိုးအတွက် မဟုတ်ဘဲ အများအတွက် ပြုလုပ်ပေးသော ဥယျာဉ်စိုက်ခြင်း ဇရပ်ဆောက်လုပ်လှူဒါန်းခြင်း စသော အလုပ်များသည် သေနေ့ကိုပင် ရွှေ့ပစ်နိုင်သော ကုသိုလ်များဖြစ်သည်"ဟု ပြောဆိုကာ တရားစကား ဟောကြားတော်မူလေရာ ပုဏ္ဏားကြီး" သောတာပန်" တည်သွားလေသည်။
ဗေဒင်ချစ်ပရိသတ်ကြီးလည်း အသက်ရှိစဉ် လူ့ဘဝရောက်လာတဲ့ ကာလအတောအတွင်းမှာ "မရှိလို့မလှူ ၊ မလှူလို့ မရှိရလေအောင် ငွေကြေးမပြည့်စုံသော်လည်း မိမိတတ်နိုင်သမျှ ကာယ ၊ ဉာဏ ခွန်းအားတို့ဖြင့် အားတတ်သရော ပါဝင်ကူညီအားဖြည့်ပေးပြီး အများအကျိုးဆောင် ကိုယ်ကျိုးအောင်တဲ့ ဓမ္မမိတ်ဆွေသူတော်စင်များ ဖြစ်ကြပါစေလို့တိုက်တွန်း နိူးဆော်လိုက်ရပါတယ် ခင်ဗျာ။