စိပ်ပုတီး

"'နံ့သာနီတောင်၊ ကမ္ဘာရှည်အောင်၊ ဖန်ဆိုးနှင့် လဲဝတ်ကြောင်၊
ကေဥသျှောင်ပယ်လှီး၊ ဈာန်နှင့်နီး၊ ပုတီးလက်တွင်ဆောင်၊ ခရီးမဂ္ဂင်ဖောင်"'
ဟူ၍ နံ့သာနီတောင် နိဗ္ဗိန္ဒပတ်ပျိုးတွင် တွေ့ရသည်။ စိပ်ပုတီးကား နိဗ္ဗာန်ရောက်ကြောင်းတရားကို ကျင့်ကြံအားထုတ်သူ ဗုဒ္ဓအယူဝါဒီတို့၏ အဆောင်အရွက် တစ်ခု ဖြစ်သည်။
စိပ်ပုတီးသည် မည်သည့်အခါက စတင်ပေါ်ပေါက်ခဲ့သနည်း။ ပုတီးစိပ်ခြင်း အလေ့အကျင့်သည် မည်သည့်အခါက စတင်ထွန်းကားခဲ့သနည်း စသည်တို့မှာ စိတ်ဝင်စားစရာကောင်းသော မေးခွန်းများပင်ဖြစ်သည်။
သို့သော် ရဟန်းသာမဏေတို့သည် ပစ္စဝေက္ခဏာလေးပုဒ်တို့တွင် တစ်ပုဒ်လျှင် တစ်ပတ်စီရအောင် ဆင်ခြင်၍ စိပ်ပုတီး စိပ်ကြပါက ဣဏပရိဘောဂမှလွတ်ခြင်း၊ ပစ္စယသန္နိဿိတသီလလုံခြုံခြင်းအကျိုးရှိပေသည်။ ရတနာသုံးပါး၏ ဂုဏ်တော်ကို အောက်မေ့ခြင်း၊ ဝိပဿနာဘာဝနာကို ပွားများခြင်းအားဖြင့် စိပ်ပုတီးကိုစိပ်လျှင် လောကုတ္တရာအကျိုးစီးပွားများစွာ ဖြစ်ထွန်းနိုင်ပေသည်။
ထိုမျှမက ဤစိပ်ပုတီးသည်ကား ရတနာသုံးပါး၏ ဂုဏ် တော်ကို ရည်စူး၍ထားသော စိပ်ပုတီးဖြစ်ပေသည်ဟူ၍ ဆင်ခြင် ကာမျှဖြင့်ပင်လျှင် ကမ္ဘာတစ်သိန်း အပါယ်မလားနိုင်ဟု အဆို ရှိပေသည်။ စိပ်ပုတီးကို စိပ်သည်ဖြစ်စေ၊ မစိပ်သည်ဖြစ်စေ မိမိ၏ဦးခေါင်း၊ လည်ပင်း၊ မျက်နှာ၊ အိမ်အမိုး စသည်တို့၌ စိပ်ပုတီးကိုထား၍ ကိုးကွယ်သည်ဖြစ်အံ့၊ ထိုသူ သည် ကမ္ဘာတသိန်းတိုင်တိုင် အပါယ်မလားရာဟုလည်း အဆို ရှိခဲ့ပေသည်။
စိပ်ပုတီးသည် စိတ်ကို စောင့်ရှောက်တတ်သော သဘောရှိသည်။ ဗုဒ္ဓအယူဝါဒတို့သည် မိမိ၏စိတ်ကို တပါတည်းသော အာရုံ၌ စွဲမြဲတည်တံ့စေရန်၎င်း၊ ဘာဝနာကမ္မဋ္ဌာန်းစီးဖြန်းရာတွင် သတိတရား တိမ်းပါးမှု ကင်းစေလို၍၎င်း စိပ်ပုတီးကို အသုံးပြုကြလေသည်။
စိပ်ပုတီးအမျိုးမျိုး ရှိသည့်အနက် ရှေးအခါကမူ လူတို့ သည် အရိုးကမ္မဋ္ဌာန်းလည်းဖြစ်စေ၊ ပစ္စဝေက္ခဏာကိုလည်း ဆင်ခြင်သတိရစေခြင်းငှာ၊ နွားရိုး၊ ကျွဲရိုး၊ ဆင်ရိုး၊ ဆင်စွယ်၊ ကျွဲချိုစသည့် တိရစ္ဆာန်တို့၏ အစွယ် ဦးချိုနှင့် အရိုးတို့ကို စိပ်ပုတီးပြုလုပ်၍ ကိုင်ဆောင်ကြလေသည်။ ယခုအခါတွင် ကြိတ်သီး ကြိမ်သီး၊ ပေသီး၊ နံ့သာသား စသည်တို့ကို စိပ်ပုတီးပြုလုပ်၍ ကိုင်ဆောင်သုံးစွဲလေ့ရှိကြပြီး ပယင်း၊ ဖန် စသည်တို့ကိုလည်း စိပ်ပုတီးပြုလုပ်လေ့ ရှိကြ သည်။ လောကီပညာကို လိုက်စားသည့် အချို့သော ပုဂ္ဂိုလ် သည် ထန်းရွက်၊ ပေရွက်၊ မိုင်းကိုင်စက္ကူ စသည်တို့တွင် လိုအပ်သော ဂါထာမန္တန်ကို ရေးသားသွင်းနှံ၍ ပြင်ပမှ ကြိုးဖြင့် သီထိုးအပ်သော ကြိုးပုတီး၊ သစ်စေးဖြင့် သားရိုးကိုင်တိုက်သွား ထားအပ်သော သားရိုးပုတီး၊ ဆေးဝါးဖြင့် စီမံထားအပ်သော ဆေးပုတီးစသည်တို့ကို အသုံးပြုလေ့ရှိကြပေသည်။
စိပ်ပုတီးကိုကိုင်ဆောင်သုံးစွဲသူတို့သည် စိပ်ပုတီးလုံးရေကို စီမံကန့်သတ်ရာတွင်လည်း မိမိတို့၏ စိတ်ဆန္ဒ နှင့်ရည်ရွယ်ချက်အလျောက် တစ်ဦးနှင့်တစ်ဦး မတူခြားနား၊ အမျိုးမျိုး ကွဲပြားလျက် ရှိကြလေသည်။ အချို့ကား အဝေနိကဂုဏ်တော် ၁၈ ပါးကိုရည်၍ ၁၈ လုံးပါရှိသော စိပ်ပုတီးကို အသုံးပြုကြသည်။အချို့ကား ဘုရားဂုဏ်တော်ကိုးပါး၊ တရားဂုဏ်တော်ခြောက်ပါး၊ သံဃာဂုဏ်တော်ကိုးပါး၊ စုစုပေါင်း ဂုဏ်တော် ၂၄ ပါးကို ရည်၍ ၂၄ လုံးပါရှိသော စိပ်ပုတီးကို အသုံးပြုကြသည်။ အချို့ ကား ၃၂ ကောဋ္ဌာသကို ရည်၍ ၃၂ လုံးပါရှိသော စိပ်ပုတီးကို အသုံးပြုကြသည်။ အချို့ကား ကမ္မဋ္ဌာန်း ၄ဝ ကိုရည်၍ လုံးရေ ၄ဝ ပါရှိသော စိပ်ပုတီးကို အသုံးပြုကြသည်။ သို့သော် လူသုံး အများဆုံးမှာကား ၁ဝ၈ လုံးပါရှိသော စိပ်ပုတီးဖြစ်သည်။ ၎င်း ၁ဝ၈ လုံးကို ရည်စူးရာတွင်လည်း အချို့က မြတ်စွာဘုရား၏ ၁ဝ၈ ကွက် ခြေတော်စက် လက္ခဏာကို ရည်စူး၍၊ အချို့က လောကနည်းအားဖြင့် ဂြိုဟ်သက် ၁ဝ၈ ကိုဖြစ်စေ၊ သတ္တမိဿနက္ခတ် ၁ဝ၈ နဝင်းကိုဖြစ်စေ ရည်စူးကြ ကုန်သည်။ အချို့ကမူ ဘုရားဂုဏ်တော် ၅၆ ပါး၊ တရားဂုဏ် တော် ၂၈ ပါး၊ သံဃာဂုဏ်တော် ၂၄ ပါး၊ စုစုပေါင်း ဂုဏ် တော် ၁ဝ၈ ပါးကို ရည်စူးကြလေသည်။
စိပ်ပုတီးစိပ်ရာတွင် အချို့က ပုတီးကို ထပုံသဏ္ဌာန် ကိုင်တွယ်၍ စိပ်ကြလေသည်။ ထိုသို့စိပ်ခြင်းအားဖြင့် လက်နှစ် ဘက်လုံးက ပုတီးကို ကိုင်ထားရပေရာ တစ်ကြိမ်တည်းနှင့် ပုတီးနှစ်လုံး စိပ်နိုင်သည်ဟု ယူဆကြ သူများရှိသည်။ အချို့ ကမူ စိပ်ပုတီးကို ညာလက်တစ်ဘက်တည်းဖြင့်စိပ်၍၊ အချို့ကမူ ပုတီးကို လက်နှစ်ဘက် ဖြင့်ကိုင်ကာ အတော်အသင့်မြောက် လျက် စိပ်ကြသည်။ထိုသို့ မြှောက်၍ စိပ်ခြင်းအားဖြင့် ပုတီးသည် ထမီ၊ ပုဆိုးစသည်တို့နှင့် မထိပဲ သီးခြားကင်းလွတ် ကာ သန့်စင်သည်ဟု ယူဆကြသည်။
စိပ်ပုတီးစိပ်ရာတွင် ပုတီးစေ့ကို လက်မနှင့် လက်ညိုး ကြားတွင် ဖိညပ်၍ စိပ်ခြင်းကို များသောအားဖြင့် မနှစ်သက်ကြသူများလည်းရှိသည်။ ပုတီးစေ့ကို လက်မနှင့် လက်ခလယ်ကြားတွင် ထား၍ စိပ်ခြင်းကိုသာ နှစ်သက်ကြသူများသည်။ အကြောင်းမှာ လက်ခ လယ်သည် လက်ညိုးထက်ပို၍ သန့်စင်မြင့်မြတ်သည်ဟု ယူဆ ကြသောကြောင့် ဖြစ်ပေသည်။
ဗုဒ္ဓအယူဝါဒီများသာမက ခရစ်ယန်အယူဝါဒီများ၊ အစ္စ လာမ်အယူဝါဒီများနှင့် ဟိန္ဒူအယူဝါဒီများ စသည်တို့ကလည်း စိပ်ပုတီးကို အသုံးပြုကြလေသည်။ သို့သော် ပုတီးစေ့လုံးရေနှင့် စိပ်ပုတီး ပုံသဏ္ဌာန်ခြင်း မတူကြပါ။ စိပ်ပုတီး အသုံးပြု ခြင်းအလေ့ကို အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓအယူဝါဒီနှင့် ဟိန္ဒူအယူဝါဒီ တို့က ရှေးနှစ်ပေါင်းများစွာကတည်းက စတင်တီထွင်ခဲ့ကြခြင်း ဖြစ်၍ ခရစ်ယာန်အယူဝါဒတွင် စိပ်ပုတီးကို မည်သည့်အခါက စတင် သုံးစွဲခဲ့ကြောင်းအတိအကျ ဖော်ပြထားခြင်းမတွေ့ရပါ။ ၁၂ ရာစုနှစ်တွင် စိန့် ဒိုမီနစ်ဆိုသူက စိပ်ပုတီး စိပ်ခြင်းသဘောကို ပိုမိုစနစ်ကျ အောင် ပြုပြင်ခဲ့သူလည်းဖြစ်သည်။
စိပ်ပုတီးစိပ်ရာတွင် ပုတီးစေ့တစ်လုံးစီ တစ်လုံးစီ လက်မှ ဖြတ်သွားတိုင်း ဘုရားသခင်နှင့်ပို၍ပို၍နီးလာပြီဟူ၍ ခရစ်ယာန် အယူဝါဒီများက ယူဆကြသည်။ မည်သည့် အယူဝါဒီမဆို တစ်စုံတစ်ခုကို အာရုံစူးစိုက်နေစေရန် အတွက်၎င်း၊ စိတ်ကိုစင်ကြယ်စေရန်အတွက်၎င်း၊ စိပ်ပုတီး စိပ်ကြလေခြင်းဖြစ်တာကြောင့် စိပ်ပုတီးအကြောင်းကို ဗေဒင်ချစ်ပရိသတ်များသိရှိအောင် ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။
ကိုးကား မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)