"ကံကိုပြင်ပါ"

လူရယ်လို့ဖြစ်လာလျင် လူတစ်ဦးနှင့် ကံဇာတာခြင်း မတူကြပေ။တချို့က မွေးကတည်းက ချမ်းသာလာ ကြသည်။တချို့က မမျော်လင့်ပဲ ချမ်းကြ သည်။တချို့သူများကြတော့လည်း ဘယ် လောက်ပင် ကြိုးစားကြိုးစား ချမ်းသာ မလာသူများလည်းရှိသည်။ ဗုဒ္ဓဘာသာ အယူအရ ကံဟူသည် အလုပ်ဟု ယူဆနိုင် သည်။ကံတွင် အတိတ်ကံနှင့် ယခုလက်ရှိ ပစ္စုပ္ပန် ကံဟူ၍ နှစ်မျိုးရှိသည်။ အတိတ်ကံသည် အတိတ်ဘဝက ပြုလုပ်ခဲ့သော အလုပ်နှင့်သက်ဆိုင်ပြီး ပစ္စုပ္ပန် ကံသည် ယခုလက်ရှိ လုပ်နေသော အလုပ်နှင့် သက်ဆိုင်သည်။မိမိ၏ ကံကို မိမိ ကသာ သတ်မှတ်ခြင်းဖြစ်သည်။ထို့ကြောင့် သူတစ်ပါးတွေ ကံကောင်းလိုက်တာဆိုပြီး သူများကံကို မယှဉ်ပဲနှင့် မိမိ၏ ကံကိုသာ ပြင်သင့်ပေသည်။မိမိက ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မည်မှာ မြေကြီးလက် ခတ်မလွဲပင် ဖြစ်တယ်။

မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်အခါက အဖြစ် အပျက်တစ်ခုအား ဖော်ပြလိုပါသည် ဆက်၍ ဖတ်ကြည့်လိုက်ရအောင်.....

ကေနိယနှင့် ဆန္ဒာရမည်သော ကုန်သည် သူငယ်ချင်းနှစ်ဦးတို့သည် မြို့သို့ တက်၍ ကုန်စည်ကူးသန်းရောင်း ဝယ်ရန်ဟူသော အကြံအစည်ဖြင့် မြို့သို့တက်လာခဲ့သည်။ နေပြည်တော်နှင့် ၎င်းတို့နေထိုင်ရာ မြို့ငယ်မှာ မိုင်ပေါင်း များစွာကွာဝေး သည့်အတွက် ၃ရက်ခန့် ခရီးနှင်ရလေသည်။ သွားလာရာလမ်းတစ်လျောက်တွင် ကေနိယမည်သောကုန်သည်မှာ တစ်လမ်းလုံးသောက်စားမူးယစ် ပျော်ပါး လျက် ခရီးသွားလျက်ရှိပြီး ဆန္ဒာရ မည်သောကုန်သည်မှာမူ လမ်းတွင် ရဟန်းတို့အားတွေ့လျင် ဆွမ်းကပ်လှူ၏။တံတားကျိုးနေသည်ကိုတွေ့က ပြုပြင်ခဲ့၏။လမ်း၌ ရေအိုင်ဗွက်အိုင်များတွေ့ပါက မြေ၊သဲတို့အားဖို့၍ပြုပြင်လေသည်။ ညောင်ပင်ကိုင်းများ ကိုင်းကျနေသည်ကိုတွေ့ပါကလည်း ညောင်းကိုင်းများအားထောက်သည်။

ထိုသို့ဖြင့် သူငယ်ချင်းနှစ်ဦးသည် မတူညီသော စရိုက်နှစ်မျိုးဖြင့် ခရီးနှင်လာရာ သုံးရက်မြောက်သောရက်တွင် နေပြည်တော်သို့ရောက်၏။ သူတို့နှစ်ဦး ရောက်ရှိချိန်တွင် အချိန်လင့်နေပြီဖြစ်သောကြောင့် မြို့အဝင်တံခါး ပိတ်သွားလေရာ မြို့ပြင်ရှိ ဇရပ်၌ တည်းခိုရလေသည်။သူတိုနှစ်ဦးနှင့်အတူ အချိန်လင့်မှ ရောက်လာသော ခရီးအတူသွားလာခဲ့သူ ရဟန်းတို့လည်း ပါ၏။ထိုဇရပ်တည်းခိုနေစဉ် တစ်လမ်းလုံး ကုသိုလ်ကောင်းမှုပြုလုပ်လာသော ဆန္ဒာရအမည်ရှိသော လုလင်မှာ အပြင်းအထန် ဖျားလေတော့သည်။တစ်လမ်းလုံးသောက်စားမူးယစ်လာသော ကေနိယမည်သော လုလင်မှာမူ မူးမူးနှင့် ဇရပ်တွင်မအိပ်ဘဲ ဇရပ်ဘေးရှိ ခြုံထဲဝင်တိုးအိပ်လေရာ မှ ၎င်းခေါင်းအုံးအိပ်ထားသည်မှာ ငွေထုပ်ကြီး ဖြစ်နေသည့်အတွက် အသပြာထောင်ချီ၍ ချမ်းသာသွားလေတော့သည်။

ဤအဖြစ်အပျက်မြင်သောရဟန်းတို့သည် အလွန် အံသြ လျက် တစ်လမ်းလုံးကောင်းသောအမှုကိုပြုလာသူဟာဖျားနာနေလျက် သောက်စားမူးယစ်နေသူဟာ မည်သည့်အတွက် အသပြာထောင်ချီသော ငွေထုပ်ကြီးကိုကောက်ရလေသနည်းဟု စဉ်းစားမရ ဖြစ်ကုန်လေသည်။ ဒါကြောင့် ဤကိစ္စအား ဘုရားမှသာသိနိုင်လိမ့်မည်။မြတ်စွာဘုရားကျောင်းတော် ရောက်မှသာ မေးမြန်းကြမည်ဟု တိုင်ပင်ကြ၏။မြတ်စွာဘုရားထံသို့ ရောက်သောအခါ ဖြစ်ကြောင်းကုန်စင်အား လျောက်ထားမေးမြန်းကြလေသည်။

ထိုအခါ မြတ်စွာဘုရားမှ '''ချစ်သားတို့ ကေနိယမည်သော လုလင်မှာ အတိတ်ဘဝက ကုသိုလ်ကံအဟုန်ကြီးမြင့်မှုကြောင့် ထိုသူ၏ဇာတာ မှာ နေပြည်တော်သို့ရောက်လျင် ရှင်ဘုရင် ဖြစ်ရမယ့် ဇာတာဖြစ်တယ်၊သို့သော် လမ်းခရီးတစ်လျောက် သူပြုမူခဲ့သော အကုသိုလ်တွေကြောင့် ကံအဟုန်မှာ လျော့နည်း၍ အသပြာထုတ်မျှသာရ၍ ချမ်းသာသွားခြင်းဖြစ်၏ '"ဟု ဟောကြားပြောပြတော်မူလေသည်။

ရဟန်းတို့လည်း ဆန္ဒာရမည်သော လုလင်ပျို အကြောင်း လျောက်ထားမေးမြန်းရာ မြတ်စွာဘုရားမှ ""ချစ်သားတို့ ဆန္ဒာရမည်သောလုလင်ပျိုမှာ အတိတ်ဘဝက အကုသိုလ်ကံကြီးမားလှပေတယ်၊သူ့၏ဇာတာမှာ နေပြည်တော်ရောက်လျင် သေဘေးနှင့်ကြုံတွေ့ရမှာဖြစ်တယ်၊ သို့ပေမယ့် လမ်းခရီးတွင် သူပြုမူခဲ့သော တံတားပြင်ခြင်း၊လမ်းပြင်ခြင်း အစရှိသည့် ကုသိုလ်ကံကြောင့်သာ ကံဇာတာ အရှိန်မြင့်တက်လာတဲ့အတွက် သေဘေးမှ လွတ်၍ အပြင်းဖျားခြင်းမျှသာ ဖြစ်ခြင်းဖြစ်ကြောင်း" ပြောကြားတော်မူလေသည်။ထိုအခါမှ ရဟန်းတို့လည်း ဖြစ်ကြောင်းကုန်စင်ကိုနားလည်သဘောပေါက်သွားကြလေတော့သည်။

မိမိသည် အတိတ်က ကံကို ပြန်လည်ပြင်ဆင်ခွင့်မရှိသော်လည်း လက်ရှိဘဝမှာ ကောင်းသောအမူကိုပြုလုပ်ခြင်းဖြင့် ကောင်းသော ကံဇာတာကို ပြင်ယူနိုင်ပေသည်။လက်ရှိပြုလုပ်သောကုသိုလ်ကံသည်လည်း နောင်သံသရာထိပါ ပါသွားနိုင်သည့်အတွက် ကောင်းသောအမူကိုပြုလုပ်၍ ကောင်းသောကံကို ပြုပြင်ယူကြပါဟုတိုက်တွန်းရေးသားလိုက်ရပါသည်။.....။

#Credit
ရည်ညွန်းမနာပဒါယီကိုရီးယားဆရာတော်အရှင်ဝိစိတ္တ