ဒါနကုသိုလ်

ဒါနဟူသည် ရဟန်း ရှင် လူနှင့် သက်ရှိသတ္တဝါတို့အား မိမိပိုင်ရွှေငွေရတနာ ဥစ္စာပစ္စည်းအဆောက်အဦး စားသောက်ဖွယ် အဝတ်အထည် နေရာထိုင်ခင်းမှအစ အသက်နှင့်သွေး ခန္ဓာကိုယ် အစိတ်အပိုင်းများကို လှူဒါန်းခြင်း ပေးကမ်းခြင်း စွန့်ကြဲခြင်း ဝေငှခြင်း မျှတစေခြင်း ဖြည့်စွက်ခြင်း ထောက်ပံ့ခြင်း ချီးမြှောက်ခြင်းစသော အနက်အဓိပ္ပာယ်ရပါသည်။

စေတနာ(၃)တန်နှင့်ယှဉ်သော တွယ်တာမှုကင်းသော အလောဘစိတ်ဖြင့် ပေးကမ်းစွန့်ကြဲလှူဒါန်းမှသာလျှင် ဒါနစစ်စစ် ဖြစ်ပါမည်..
စေတနာ(၃)တန်-
အလုပ်တစ်ခု ပြုလုပ်ရာ၌ စေ့ဆော်ခြင်းတရား(၃)ပါးဖြစ်၏..
၁။ ပုဗ္ဗစေတနာ = မပြုလုပ်မီ ကြိုတင်၍ဖြစ်သော စေတနာ
၂။ မုဉ္စစေတနာ = ပြုလုပ်ဆဲအခါ၌ ဖြစ်ပေါ်သော စေတနာ
၃။ ပရစေတနာ = ပြုလုပ်ပြီးနောက်အခါ၌ အာရုံပြု၍
ပေါ်လာသော စေတနာ
(အလှူဒါနပြုလုပ်ရာတွင် ဤအချက်များ ဖြောင့်မှန်စင်ကြယ်ရမည်)

အလှူဒါန၏ မျက်မှောက်အကျိုး (၅) ပါး
မြတ်စွာဘုရားရှင်သည် ဝေသာလီပြည်၊ မဟာဝုန်တော စုလမ်းမွန်ချွန် အထွတ်တက်သောကျောင်း၌ သီတင်းသုံးစဉ် သီဟစစ်သူကြီး၏ မေးလျှောက်ချက်အရ ဒါန၏ မျက်မှောက်အကျိုး (၅) မျိုးကို ဟောတော်မူခဲ့သည်။ ၎င်းတို့မှာ −

ဒါနဝတ္ထုလှူဒါန်းသော အလှူရှင်သည်-

လူအများတို့ မျက်နှာမြင်လျှင် ချစ်ခင်နှစ်သက်ခြင်း၊
သူတော်ကောင်းတို့ မှီခို ဆည်းကပ်လာခြင်း၊
ဂုဏ်ကျေးဇူးသတင်း ပျံ့နှံ့ကျော်ဇောလာခြင်း၊
ပရိတ်သတ်လေးပါသို့ ရွံရှာခြင်းကင်းပြီး ရဲတင်းစွာ ချဉ်းကပ်နိုင်ခြင်း၊
သေသည်၏ အခြားမဲ့၌ နတ်ပြည်သို့ လားရခြင်း စသည့်အကျိုးထူးတို့ကို ခံစားရသည်။ 

ထို့ပြင်-

(၁) ကိလေသာကင်းစွာ ရဟန္တာအရှင်မြတ်တို့၏ အချီးအမြှောက်ကို
        ရှေးဦးစွာ ခံယူရရှိခြင်း၊
(၂) ရဟန္တာအရှင်မြတ်တို့ ရှေးဦးစွာ ချဉ်းကပ်ခံရခြင်း၊
(၃) လှူဖွယ်ဝတ္ထုကို ရှေးဦးစွာ လှူဒါန်းခွင့်ရခြင်း၊
(၄) တရားတော်ကို ရှေးဦးစွာ နာယူခွင့်ရခြင်း၊
(၅) ကောင်းသော ဂုဏ်သတင်းဖြင့် ပျံ့သင်းကျော်ကြားခြင်း၊
(၆) ပရိတ်သတ် ၄ ပါးသို့ ရဲဝံ့စွာ ချဉ်းကပ်နိုင်ခြင်း၊
(၇) သေသည်၏ အခြားမဲ့၌ နတ်ပြည်သို့ လားရခြင်း စသည့် အကျိုးထူးတို့ကို ခံစားရစေသည်။

သူတော်ကောင်းတို့၏ အလှူသည် ငါးမျိုးရှိသည်။ ထိုငါးမျိုးမှာ

(၁) သဒ္ဓါဒါန
(၂) သက္ကစ္စဒါန
(၃) ကာလဒါန
(၄) အနုဂ္ဂဟိတဒါန
(၅)အနုပဟစ္စဒါန တို့ဖြစ်ကြသည်။

သဒ္ဓါဒါန
ကံ - ကံ၏ အကျိုးကို ယုံကြည်၍ အလှူခံပုဂ္ဂိုလ်အား ပေးလှူခြင်းကို သဒ္ဓါဒါနဟု ခေါ်သည်။
ထိုသူသည် ဖြစ်လေရာ ဘုံဘဝ၌ ရရှိနိုင်သော အကျိုးကျေးဇူးများမှာ-
ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာစွာနေရခြင်း။
များသောအသုံးအဆောင်ရခြင်း။
အဆင်းလှခြင်း။
စိတ်ကြည်လင်ဖွယ် ရှိခြင်း။
လွန်ကဲသော အဆင်းသဏ္ဌာန်နှင့် ပြည့်စုံခြင်းတို့ဖြစ်သည်။

သက္ကစ္စဒါန
လှူဖွယ်ဝတ္ထုပစ္စည်းတို့ကို သပ်ရပ်ကောင်းမွန်သန့်ရှင်းစွာ ပြုပြင်၍ အလှူခံပုဂ္ဂိုလ်အား ရိုသေစွာ လှူခြင်းကို သက္ကစ္စဒါနဟုခေါ်သည်။

ထိုသူသည် ဖြစ်လေရာ ဘုံဘဝ၌ ရရှိနိုင်သော အကျိုးကျေးဇူးများမှာ -
ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာစွာနေရခြင်း။
များသောအသုံးအဆောင် ရရှိခြင်း။
သား၊ မယား၊ ကျေးကျွန်၊ အခြွေအရံတို့ ပေါများခြင်း။
တတ်သိနားလည်လွယ်သော ဉာဏ်ရှိခြင်း။
လှူဖွယ်ဝတ္ထုကို ကောင်းမွန်စွာ မစီမံဘဲ ဖြစ်ကတတ်ဆန်း လှူသောသူသည် ဖြစ်လေရာ ဘုံဘဝ၌ ဥစ္စာစည်းစိမ်ရှိသော်လည်း သား၊ မယား၊ ကျေးကျွန်တို့ အပေါ်၌ ဩဇာမညောင်းဖြစ်တတ်ခြင်းတို့ဖြစ်သည်။

ကာလဒါန
လှူဖွယ်ဝတ္ထုတို့ကို အချိန်ကာလနှင့် လျှော်ညီအောင် လှူဒါန်းခြင်းကို ကာလဒါနဟု ခေါ်သည်။

ထိုသူသည် ဖြစ်လေရာ ဘုံဘဝ၌ ရရှိနိုင်သော အကျိုးကျေးဇူးများမှာ -
ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာစွာနေရခြင်း။
များသောအသုံးအဆောင် ရှိခြင်း။
အချိန်ကာလနှင့် လျှော်စွာ အကျိုးတရားများစွာ ရနိုင်ခြင်း။
အချိန်အခါမဟုတ်ဘဲ လှူသောသူသည် ဥစ္စာစည်းစိမ်ရှိသော်လည်း လိုအပ်သော အချိန်၌ လိုအပ်သော ပစ္စည်းများကို မရတတ်ပေ။ ဖြစ်တတ်သည်။

အနုဂ္ဂဟိတဒါန
အလှူခံ ပုဂ္ဂိုလ်အား ချီးမြှောက်လို၍ လှူခြင်းကို အနုဂ္ဂဟိတဒါနဟု ခေါ်သည်။

ထိုသူသည် ဖြစ်လေရာ ဘုံဘဝ၌ ရရှိနိုင်သော အကျိုးကျေးဇူးများမှာ
ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာစွာ နေရခြင်း
များသောအသုံးအဆောင် များရှိခြင်း
အလှူခံ ပုဂ္ဂိုလ်ကို ချီးမြှောက်လိုသောစိတ်မရှိဘဲ လှူသောသူသည် ဥစ္စာစည်းစိမ်ရှိသော်လည်း မွန်မြတ်သော အသုံးအဆောင်တို့ကို သုံးဆောင်လိုစိတ် မရှိ။ မသုံးဆောင်ရဲဘဲ ရှိတတ်ခြင်းတို့ဖြစ်သည်။

အထက်ဖော်ပြချက်များအရ ဒါနကုသိုလ်အကျိုးတရားများကို အနည်းငယ်သိမြင်လာပြီလို့မှတ်ယူလိုက်ပါတယ် ဒါကြောင့်မို့ ဗေဒင်ချစ်ပရိသတ်ကြီးလည်း အလှူရေစက်လက်နှင့်မကွာလှူတန်းနိုင်တဲ့ ဓမ္မမိတ်ဆွေသူတော်စင်များ ဖြစ်ကြပါစေလို့တိုက်တွန်း နိူးဆော်လိုက်ရပါတယ် ခင်ဗျာ။