သိမှတ်ဖွယ်ရာ လက္ခဏာဗေဒ အပိုင်း (၁)

လက္ခဏာ ဆိုတဲ့ အကြောင်းအရာကို မည်သည် ကနေ
စတင်ပေါ်ပေါက်ခဲ့တာပါလဲ ?

စာဖတ်သူတို့ ငယ်စဉ်အခါတည်းက ယခုအချိန်ထိ သိရှိလာတဲ့ လက္ခဏာ ဆိုတဲ့ အကြောင်းအရာကို ရင်းနှီးပြီး သားဖြစ်မှာပါ။ဒါပင်မဲ့ ကျွန်တော်တို့တွေဟာ ထို လက္ခဏာဗေဒင် ဆိုတာကို မည်သည်ကနေ စတင်ပေါ်ပေါက်လာတဲ့ အကြောင်းကို လူအနည်းစုသာ သိရှိပါလိမ့်မယ် ။လက်ဖဝါးကိုကြည့်ပြီး ဟောပြောတဲ့ လက္ခဏာဗေဒင်ပညာ ကလည်း ဆန်းကြယ်လွန်းလှပါတယ်။

ဆက်လက်ဖတ်ကြည့်လိုက်ရအောင်ပါ။

မှတ်သားအပ်လို့ လက္ခဏာ ဟု ခေါ်သည်။ လက်မှာပါလျှင် လက္ခဏာ၊ ခြေမှာပါရင် ခြေခဏာ ဟူ၍မဟုတ်ပါ။ ဘယ်နား ပါပါ၊ အမှတ်အသားကို လက္ခဏာဟု ခေါ်သည်။ လက္ခဏာ၏ အခြားနားလည်မှုတမျိုးမှာ လက်ဖဝါးကိုကြည့်၍ ဗေဒင်ဟောခြင်းဖြစ်သည်။

လက်မှတ်ဖတ်ရာတွင် လက်ဝါးပုံ၊ လက်ချောင်းကလေးများပုံကို ကြည့်၍ဖတ်ရသော လက်ပုံဖတ်ပညာနှင့် လက်အမှတ်အကြောင်းများကို ကြည့်၍ဖတ်ရသော လက်အမှတ်ကြောင်းဖတ်ပညာဟူ၍ နှစ်ပိုင်းခွဲထားသည်။ လက်ချောင်း လက်ဝါးပုံသဏ္ဌာန်များသည် လူတစ်ယောက်၏ မျိုးရိုးစရိုက်နှင့် ထူးခြားသည့် အရည်အချင်းများကိုပြသည်။

 မြင်းတစ်ကောင် ကို မြင်လျှင်မြင်ခြင်းပင် ပြိုင်မြင်းဖြစ်မည်၊ ရထားဆွဲရသောမြင်းဖြစ်မည် စသည်ဖြင့် မြင်း၏ခြေတံ လက်တံကို မြင်ခြင်းဖြင့် ထိုးမြင်းသည် မည် သည့်အလုပ်လုပ်၍ မည်သည့်အဆင့်အတန်းတွင် နေရမည်ကို သိနိုင်သကဲ့ သို့ပင် လူတို့တွင်လည်း လက်ချောင်းများကို ကြည့်ခြင်းအားဖြင့် မည်သည့် အဆင့်အတန်း အလုပ်အကိုင်တွင် လုပ်ကိုင်ရမည်၊ အလုပ်ကြမ်းလုပ်ရမည်၊ စိတ်အလုပ်ကိုလုပ်ရမည် စသည်ကို ခွဲခြားသိမြင်နိုင်ပေသည်။ ပုံပမာ တို တောင်းတုတ်ခိုင်သော လက်ချောင်းများရှိသူမှာ ရှည်လျားလှပသော လက် ချောင်းရှိသူနှင့် လုံးဝမတူနိုင်ပါဘူး။

"လက္ခီယတီတိ လက္ခဏံ လက္ခီယတေ ဧတေနာတိ လက္ခဏံ"

လက်ဖဝါးများတွင် အရေးအကြောင်းများစွာတို့သည် ထက်အောက်ကန့်လန့်ဖြတ်သန်းလျက် ရှိသည်ကို စာဖတ်သူတို့ တွေ့ရပေလိမ့်မည်။ ထိုအရေးအကြောင်းများကိုပင် လက်အမှတ်ဟု ရှေးအစဉ်အဆက်က ခေါ်ဝေါ်ခဲ့ကြသည်။ လက်ဝဲ လက်ယာ နှစ်ဖက်စလုံးကို ကြည့်လျှင် တစ်ဖက်နှင့်တစ်ဖက် မတူသည်ကိုလည်း တွေ့ရလိမ့်မည်။ လူတစ်ယောက်နှင့်တစ်ယောက်တွင် လက်အမှတ် အရေးအကြောင်းများသည် လုံးဝမတူညီပဲ ကွဲပြားပါသည်။

လက်အမှတ်အကြောင်းများသာမက လက်ချောင်းကလေးများ၏ အတို၊ အရှည်၊ အချွန်၊ အတုတ်၊ လက်ဖဝါး၏အနိမ့်၊ အမြင့်၊ အပျော့၊ အမာ၊ အပူ၊ အအေး၊ အဖြူ၊ အနီ စသည်ဖြင့် တစ်ယောက်နှင့် တစ်ယောက် မတူကြပါဘူး။ အမြွာပူးမွေးသူများပင် လက်အမှတ် ချင်းမတူကြပါဘူး။ အကြောင်းအားဖြင့် လူတစ်ဦးတစ်ယောက်၏ အကျင့်စာရိတ္တ၊ စိတ်နေသဘောထားနှင့် ထိုသူ၏ ဘဝတာတွင် အဆိုးအကောင်း မတူသောကြောင့် လက်အမှတ်တွင် မတူကြတာဖြစ်ပါတယ်။ လူတစ်ဦး၏ တစ်သက်တာတွင်အရေးအကြီးဆုံးဖြစ်သော အသက် အတိုအရှည်၊ ပညာရေး၊ စီးပွားရေး၊ အလုပ်အကိုင် အဆင့်အတန်း စသည်တို့မှာ လက်အမှတ်တွင် ထင်ရှားစွာပြလျက်ရှိသဖြင့် ရှေးကမ္ဘာဦး အစကပင် လက်အမှတ်ပညာကို လေ့လာခဲ့ကြလေသည်။


"ဂေါတမမြတ်စွာဘုရား၏ အလောင်တော် သိဒ္ဓတ္ထမင်းသားဖွားမြင် ၍ ကင်ပွန်းတပ်မင်္ဂလာပြုသောအခါ လက္ခဏာဖတ် ပုဏ္ဏားရှစ်ယောက်တွင် ခုနစ်ယောက်သော ပုဏ္ဏားတို့က လက်နှစ်ချောင်းကိုထောင်၍ ဤမင်းသား သည် လူထင်ရှား ဘုရားသော်လည်းကောင်းဖြစ်ရမည်၊ သို့မဟုတ် ဇမ္ဗူဒီပါ ကျွန်းအလုံးကိုအစိုးရသော စကြဝတေးမင်းသော်လည်းကောင်း ဖြစ်ရမည်ဟု ဟောကြသည်။ ရှစ်ယောက်မြောက် အငယ်ဆုံးဖြစ်သော ကောဏ္ဍညနွယ်ဖွား သုဒတ္တပုဏ္ဏားကမူ လက်ညိုး တစ်ချောင်းကိုထောင်ကာ ဘုရားစင်စစ် မုချဖြစ်ရ မည်ဟု" ဟောဆိုခဲ့သည် ဆိုတဲ့ အကြောင်းကို ဗုဒ္ဓဘာသာ စာပေကျမ်းဂန်တွေနဲ့ ဘုရားဟောနိပါတ်ရာဇဝင်တွေမှာ ဖော်ပြထားတာတွေ့ရမှာပါ။

⌛ထိုလက်အမှတ်ပညာ ကိုတတ်မြောက်သော ပညာရှိတို့သည် ဗုဒ္ဓဝါဒီတို့သာမဟုတ် အရှေ့တိုင်းယဉ်ကျေးမှု စတင်ခဲ့ရာ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ စသောအာရှတိုက်နိုင်ငံအားလုံးနှင့် အနောက်တိုင်းယဉ်ကျေးမှု စတင်ခဲ့ရာ အီဂျစ်၊ ဂရိ၊ ရောမ စသော နိုင်ငံ တို့တွင် အင်ပိုင်ယာကြီးများ ထွန်းကား၍ ယဉ်ကျေးမှုများစတင်ခဲ့သောအခါ ကလည်း ဤလက်အမှတ်ပညာကို လိုက်စားခဲ့ကြပြီး လက်အမှတ်ပညာကို ရှေးကမ္ဘာဦး အစကပင် စတင်ခဲ့သည်ဟု ဆိုရပေလိမ့်မည်။

⌛ကမ္ဘာပေါ်ရှိ ယဉ်ကျေးသော နိုင်ငံအားလုံးတွင် လူ့ဘဝကို သုံးသပ် ဆင်ခြင်ခဲ့သည်မှစ၍ လက်အမှတ်ပညာ ပေါ်ပေါက်ခဲ့လေသည်။ ခရစ် မပေါ်မီ အနှစ်ထောင်ပေါင်းများစွာကပင် တရုတ်လူမျိုးတို့သည် မိမိတို့၏ ဘုရားကျောင်းများ၌ လက်ဝါးပုံများတွင် လက်အမှတ်ကြောင်းများကို ထု လုပ်ထားခဲ့ကြလေသည်။ ထို့အတူပင် ဂျပန်၊ ပါးရှင်း၊ ဟိန္ဒူလူမျိုး တို့သည် လက်ပုံများကို ထုလုပ်ခဲ့ကြလေသည်။ ဂျပန်နိုင်ငံရှိ အိုဆာကာ ရဲတိုက်ကြီး တွင် ဂျပန်သူရဲကောင်း ဗိုလ်မှူးကြီးများ၏ လက်အမှတ် ပုံများနှင့် ယင်းတို့၏ ဝတ်စားတန်ဆာများကို ယနေ့တိုင် တွေ့မြင်နိုင် ပေသည်၊ ဟိန္ဒူလူမျိုး ရှေးပညာရှိကြီးများသည် လူတို့၏ ကိုယ်ခန္ဓာကြန် အင်လက္ခဏာ အချိုးအစားကိုကြည့်၍ အကျင့်စာရိတ္တ ဆင်းရဲချမ်းသာ စသည်တို့ကို ဟောပြောခဲ့ကြလေသည်၊ ဤပညာရပ်များကိုပြသော သာမု ဒြိကကျမ်းများရေးသား၍ ထားခဲ့ကြလေသည်။ ဤသို့ ကိုယ်အင်္ဂါအစိတ် အပိုင်းကို ခွဲခြားဟောဆိုရသော သာမုဒြိကကျမ်းများမှတစ်ဆင့် လက်ဝါးပြင် ကို ကြည့်ရသော ဟတ္ထရိကခေါ် လက်အမှတ်ပညာများ ပေါ်ပေါက်ခဲ့လေ သည်။ ဗေဒင်ပညာအားဖြင့် အဆိုးအကောင်းစသည်တို့ကို တွက်ချက် ကြည့်ရှု ပြီးနောက်၊ လက်ဝါးပြင်တွင် လေ့လာမှတ်သားလာခဲ့ရာ နှစ်ပေါင်းများစွာ ကြာသောအခါ လက်ဝါးပြင်ရှိ လက်အမှတ်ကို ကြည့်ခြင်းဖြင့် အဆိုးအကောင်းကို နားလည်လာကြလေသည်။


ပုံပမာ ဇာတာပြင်တွင် ကြာသပတေးဂြိုဟ်သည် ဥစ်၊ ကသစ်၊ တြိဂုဏ်းရခြင်း သို့မဟုတ် ကိန်းအိမ်၊ ဥပ္ပစ္စည်းအိမ်တွင်နေခြင်း၊ သို့မဟုတ် ဥစ်နဝင်း စီးလျက် တြိကောဏအိမ်နေခြင်း စသည်တွေ့ရက ကြာသပတေးဂြိုဟ် အားကောင်းသည့်အတိုင်း လက်ဝါးပြင်တွင်ရှိသော ကြာသပတေးကွက် သည် အထူးပင်မြင့်မောက်တက်ကြွနေ၍ နှိပ်ကြည့်လျှင် တင်းမာ၍ အားရှိကြောင်း ပြနေပေသည်။

ဤသို့လျှင် ဗေဒင်နည်းအတိုင်း တနင်္ဂနွေ၊ တနင်္လာ စသောဂြိုဟ်များ၊ မိဿ ပြိဿ စသော ရာသီကွက်များ၊ လဆန်း လဆုတ် စသော တိထီများကိုပါ လက်ဝါးပြင်တွင် ကန့်သတ် ခွဲခြားပြထားသဖြင့် ဟိန္ဒူလက်အမှတ်ပညာသည် ကမ္ဘာပေါ်တွင် အစုံ အလင်ဆုံးဖြစ်နေပြီ မှန်ကန်လှသည်။

အနောက်တိုင်း လက်အမှတ်ပညာမှာမူ မျက်မြင်လက်တွေ့ လေ့လာခဲ့ရာမှ ပေါ်ပေါက်လာခဲ့လေသည်။ ပုံစံအားဖြင့် လူသတ်မှုကျူးလွန်သူတိုင်း၏ လက်အမှတ်ကို အနှစ် ၂ဝ ခန့် လေ့လာပြီးနောက် လူသတ်သူတိုင်းတွင် ထပ်တူ တူညီသော လက်အမှတ်များစွာကို တွေ့ရှိလာလေသည်။ နောင်အခါတွင် အခြားလူတစ်ဦး၌ ထိုလက်အမှတ်မျိုးပါလာလျှင် လူသတ်မှု ကျူးလွန်လိမ့်မည်ဟု ဟောဆိုခဲ့ရာ မုချမှန်ကန်ကြောင်း သိလာကြလေသည်။

ဤသို့ တစ်ဆင့်တစ်ဆင့် ရှာဖွေတိုးတက်လာကာ ဟီဗြူလူမျိုးတို့၏ မူလလက်ဟောင်း သမ္မာကျမ်းစာ ဂျိုဗ (ယောဘ)ဝတ္ထု၊ အခန်း ၃၇၊ လင်္ကာပိုဒ် ၇တွင် ရေးသားဖော်ပြထားပေသည်။ ထာဝရဘုရားသခင်သည် လူအားလုံးတို့အား မိမိတို့၏ လုပ်ငန်းတာဝန်များကို သိနိုင်စေရန် သားသမီးများ၏ လက်ဝါးပြင်တွင် လက်အမှတ်များကို ထားပေးတော် မူသည်ဤသို့ ရှေးခေတ်က စတင်ခဲ့သော လက်အမှတ်ပညာရပ်များသည် အီဂျစ်၊ ဂရိ၊ ရောမစသော ရှေးဟောင်းနိုင်ငံကြီးများတွင် များစွာပင် ထွန်း ကားခဲ့လေသည်။

ရှေးဟောင်းသမိုင်းများကို ပြန်လည်ကြည့်ရှုခဲ့သော် ဟစ္စပါနပ် သည် ဂရိလူမျိုးတို့ ဟားမီးနတ်သားအားရည်စူး ဆောက်လုပ်ထားသော ပလ္လင်ပေါ်တွင် လက်အမှတ်ပညာကို ရွှေစာလုံးများဖြင့်ရေးထားသော ကျမ်း တစ်စောင်ကိုတွေ့ရရာ မြင့်မြတ်သောပညာရှင်တို့ ဂရုတစ်စိုက် ဖတ်ရှုသင့် သော ပညာရပ်တစ်ခုအဖြစ်ဖြင့် ' ဧကရာဇ်ဘုရင် အယ်လက်ဇန္ဒား ' အား ဆက်သခဲ့လေသည်။

ရောမစစ်သူကြီး ဂျူးလယပ်ဆီဇာသည် လက်အမှတ်ပညာကို ကောင်းစွာတတ်မြောက်ခဲ့လေသည်။ တစ်ရံရောအခါ နိုင်ငံခြားမှ မင်းသား တစ်ပါး လာရောက်ခစားစဉ် ထိုမင်းသား၏ လက်အမှတ်ကိုကြည့်၍ သင် ၏လက်အမှတ်တွင် မင်းသားအစစ်ဖြစ်သော အမှတ်မပါချေ။ လူလိမ်သာဖြစ်သည် ဟုဆိုကာ နှင်ထုတ်ခဲ့လေသည်။


ခရစ် ၁၅⁠၅၉ ခုနှစ်၊ ဇန်နဝါရီလလ ၁၄ ရက်နေ့တွင် နန်းတက်ခဲ့ သော အင်္ဂလန်ပြည့်ရှင် ဘုရင်မကြီး ပထမအယ်လစ်ဇဗက်သည် ၁၆၈ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့တွင် နန်းသုံးဗေဒလက္ခဏာဆရာကြီး ဒေါက်တာ ဂျွန်းဒီးအား လက်အမှတ်ကြည့်စေရာ စပိန်နိုင်ငံကရန်ပြု၍ ရေ တပ်ကြီးဖြင့် လာရောက်တိုက်ခိုက်မည့်အကြောင်း ဟောပြောခဲ့လေသည်။ ထို့ကြောင့်ပင် ဘုရင်မကြီးသည် ချက်ချင်း ရေကြောင်းဗိုလ် ရောလီအား ခေါ်ယူ၍ မီးဖောင် မီးတင် သင်္ဘောများစွာကို ပို့စမတ်မြို့တွင် အဆင်သင့် လုပ်ထားစေလေသည်။ ထို့ကြောင့်ပင် စပိန်နိုင်ငံမှ အာမာဒါရေတပ်ကြီး ချီ တက်လာ၍ အင်္ဂလန်ကို တိုက်ခိုက်သောအခါ အင်္ဂလန်က နိုင်လိုက်လေ သည်။

လက်အမှတ်ပညာသည် ကမ္ဘာတစ်ဝန်းလုံး ပျံ့နှံ့လျက်ရှိ၍ ယင်း ပညာကို ပညာရှိကြီးများစွာတို့ လေ့လာလျက်ရှိကြပါသည်။ လက်အမှတ်ဟော ရန် မဟုတ်သေးသော်လည်း ကမ္ဘာအရပ်ရပ်ရှိ စုံထောက်နှင့် ရဲဌာနများသည် လူဆိုးများ၏ လက်ဗွေပုံစံကို ယူထားခြင်းဖြင့် နောင်အခါ အလွယ်တကူ ထိုလူဆိုး၏အကြောင်းကို ယခင်က လက်ဗွေပုံစံနှင့် တိုက်ကြည့်ခြင်းဖြင့် သိခဲ့ရာ ယခုအခါ တစ်ကမ္ဘာလုံးပင် အသုံးပြုလျက်ရှိကြတာကြောင့် ကျွန်တော်များ မင်းသိင်္ခ ဗေဒင်မှလက္ခဏာ ဗေဒ အကြောင်းအရာကို ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။

မင်းသိင်္ခ ဗေဒင်မှာ စိတ်ဝင်စားဖွယ်ကောင်းတဲ့ လက္ခဏာ ဗေဒ ဗဟုသုတအကြောင်းအရာတွေကို ဆက်လက် တင်ပေးသွားပါဦးမည်။